မောင်တောမြို့တွင် လူပေါင်း ၆၀၀ ကျော်ဆန္ဒဖော်ထုတ်


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၎

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံးမောင်တောမြို့ လမ်းမများပေါ်တွင် ယနေ့ မွန်းလွဲ ၁ နာရီကျော်က လူပေါင်း ၆၀၀ ကျော်က ဆန္ဒဖော်ထုတ်ကာ ဒေါက်တာ အေးမောင်တို့အား လွတ်ပေးရေး၊ မြောက်ဦး အမှုမှန် ပေါ်ပေါက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆန္ဒဖော်ထုတ်သူများသည် မောင်တောမြို့ မြို့မကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြို့ထဲနာရီစင်ထိ ချီတက်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား လွတ်ပေးရေး၊ မြောက်ဦးဖြစ်စဉ် အမှုပေါ်ပေါက်ရေး၊ မြောက်ဦးဖြစ်စဉ်တွင် လူငယ်များအား ဖမ်းဆီးထားခြင်းကို ချက်ချင်း ရပ်ဆိုင်းရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးစိန်လှဖြူက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဆန္ဒပြတာရည်ရွယ်ချက်ကတော့ ဇန်န၀ါရီ ၁၆/၂၀၁၈ မြောက်ဦးဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေး အတွက် တောင်းဆိုတယ်။ နောက် ဒေါက်တာအေးမောင်နဲ့စာရေးဆရာ ဝေဟင်တို့ကို ချက်ချင်းလွတ်ပေးဖို့ တောင်းဆိုပါတယ်။ မြောက်ဦး လူငယ်များကို ဖမ်းဆီးတာ ချက်ချင်းရပ်ဖို့ တောင်းဆိုတယ်။ နောက်ဆုံးအချက်တော့ တိုင်းရင်းသား တန်းတူရေး အခွင့်အရေး ရရှိရေးကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဦးစိန်လှဖြူက ပြောသည်။

၎င်းပြင် ဦးစိန်လှဖြူမှ သူတို့ အနေဖြင့် မြောက်ဦးဖြစ်စဉ်အား ပြင်ပ ပညာရှင်များ ပါဝင်သည့် အဖွဲ့ဖွဲ့၍ စစ်ဆေးရန်ကိုလည်း တောင်းဆိုကြောင်း ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူ မောင်တော ဒေသခံများသည် မြို့ထဲရှိ လမ်းမများမှ တစ်ဆင့် နာရီစင်ကို တစ်ပတ် ပတ်ပြီး မြို့မကျောင်းသို့ ပြန်လာကာ မွန်းလွဲ ၂ နာရီခွဲတွင် ဆန္ဒဖော်ထုတ်မှုကို ရပ်နားလိုက်သည်ဟု သိရသည်။

(Photo by Ko Chatfar)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့တွင် လူပေါင်း ၆၀၀ ကျော်ဆန္ဒဖော်ထုတ် မောင်တောမြို့တွင် လူပေါင်း ၆၀၀ ကျော်ဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.