ဘော်ကြိုဘုရားကြီးအနီး ဆက်ကြေးကောက်ခံတဲ့ RCSS/SSA အဖွဲ့များအား တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်း

သီပေါမြို့နယ်၊ ဘော်ကြိုဘုရားကြီးအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နယ်မြေကျော်လွန် ၀င်ရောက်၍ ဆက်ကြေးကောက်ခံ လျက်ရှိသည့် RCSS/SSA အဖွဲ့များ အား တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းဆောင်ရွက်
နေပြည်တော် ၂၆-၁-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ ကျောက်မဲ-သီပေါသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် RCSS/SSA အဖွဲ့မှနယ်မြေကျော်လွန် ၀င်ရောက်၍ အရပ်သားအသွင်ဖြင့် အရပ်ဝတ်များဝတ်ဆင်ပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများထံမှ အဓမ္မဆက်ကြေး ကောက်ခံလျက်ရှိကြောင်း သတင်းအရ ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းမှ ခရီးသွားများအသွင်ဖြင့် သွားရောက်ရှင်းလင်း ခဲ့ရသည်။

ထိုသို့ရှင်းလင်းစဉ် ဘော်ကြိုကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် ခရီးသွားပြည်သူများထံမှ အရပ်ဝတ်များဝတ်ဆင်၍ ဆက်ကြေးကောက်ခံ လျက်ရှိသည့် RCSS/SSAအဖွဲ့ဝင် ၂ ဦးအားတွေ့ရှိခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ရှင်းလင်းစဉ် RCSS/SSA အဖွဲ့ဝင် ၁ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ကျည် ၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။ ကျန်အဖွဲ့ဝင် ၁ ဦးမှာဖြစ်စဉ် ဖြစ်ပွားသည့်နေရာမှ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်း လျက်ရှိသည်။

အဆိုပါ နယ်မြေသည် ယခင်ကတည်ငြိမ် အေးချမ်းလျက်ရှိရာမှ ယခုအခါ RCSS/SSA အဖွဲ့များ၏ နယ်မြေကျော် လွန်ဝင်ရောက်၍ ခရီးသွားပြည်သူများအား အဓမ္မဆက်ကြေး ကောက်ခံမှုများကြောင့် ခရီးသွားပြည်သူများ သွားလာရာတွင် စိုးရိမ်ပူပန်လျက်ရှိကြောင်းနှင့် ဘော်ကြိုဘုရားကြီးသို့ လာရောက်ဖူးမြော် ကြသည့် အခြားဒေသမှ ပြည်သူများနှင့် နိုင်ငံခြားသားများဘုရားဖူး လာရောက်ခြင်းအပေါ် ထိခိုက်နိုင်ကြောင်း သတင်းရရှိသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily
ဘော်ကြိုဘုရားကြီးအနီး ဆက်ကြေးကောက်ခံတဲ့ RCSS/SSA အဖွဲ့များအား တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်း  ဘော်ကြိုဘုရားကြီးအနီး ဆက်ကြေးကောက်ခံတဲ့ RCSS/SSA အဖွဲ့များအား တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်း Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.