နှစ်လတာအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်စာ ၇၀၀ ကျော် ရောက်ရှိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် ကို တွေ့ရစဉ်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပြီး နှစ်လတာကာလအတွင်း တိုင်ကြားမှု ၇၆၂ မှု လက်ခံရရှိခဲ့ပြီး အဲဒီထဲက ၅ မှုကသာ ကော်မရှင်ဥပဒေနဲ့အညီ ဆောင်ရွက်လို့ရနိုင်တဲ့ အမှုတွေဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ Park Royal Hotel မှာကျင်းပခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က ဖြေကြားခဲ့တာ ဖြစ် ပါတယ်။

"အဂတိလိုက်စားမှု တိုက်ဖျတ်ရေးဥပဒေနဲ့ညီတဲ့ တိုင်ကြားစာတွေကတော့ ၅  မှုပဲရှိတယ်။ များသော အားဖြင့်  ဌာနတွင်းပုဂ္ဂိုလ်ရေးအရ မမှန်မကန်တိုင်ကြားတဲ့  အရေအတွက်က ၁၂၁ မှုတောင်ရှိပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာဌာန၊  ဝန်ကြီးဌာနတွေကို ကျမတို့ သီးသန့်ပြန်လွှဲပေးပါတယ်။ နောက်တခါ အများဆုံးကတော့  စီမံခန့်ခွဲတဲ့ဟာ အတွက် အခုဆိုရင် ရပ်ကျေး ဥက္ကဌတွေ ရွေးကောက်တဲ့ကိစ္စတွေ၊  ဒါတွေအခုဆိုရင် အချိန်ကာလလည်းဖြစ်နေတယ်။ မကျေနပ်တာတွေလည်း များတယ်။  ဒါမျိုးတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတဲ့ အမှုက ၅၆ မှုရှိပါတယ်။"

ကော်မရှင်ဥပဒေနဲ့ မကိုက်ညီတာကြောင့် ဆောင်ရွက်နိုင်မှုမရှိတဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာဌာနတွေထံ လွှဲပြောင်းပေးပို့ထားတယ်လို့ ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ကော်မရှင်အနေနဲ့ နိုင်ငံရေးကင်းရှင်းပြီး ကြားနေမူဝါဒကို လက်ကိုင်ကျင့်သုံးသွားမှာဖြစ်ကြောင်းနဲ့ ကိုယ့်ကျင့်သိက္ခာစောင့်ထိန်းသွားမှာ ဖြစ်တယ်လို့ ကတိစကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အဂတိလိုက်စားမှု လျော့ပါးကျဆင်းအောင် ဘက်စုံဒေါင့်စုံကနေ ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတက အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နှစ်လတာအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်စာ ၇၀၀ ကျော် ရောက်ရှိ နှစ်လတာအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်စာ ၇၀၀ ကျော် ရောက်ရှိ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.