သထုံမြို့ နယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်း


သထုံ ဇန်န၀ါရီ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ အလယ်ရွာတွင် ဇန်န၀ါရီလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က အိမ်သုံးမီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံးအား မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးအားမြှင့်စက်ဘေးမှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေ စုပုံပြီးထားတော့ အဲ့ဒါတွေက မီးထ လောင်ပြီး အိမ်ကိုမီးကူးတာပေါ့။ ခုလိုပူပြင်းခြောက်သွေ့လာတဲ့ အချိန်မှာ မီးသုံးတာကိုပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒီလို သတိရှိနေအောင် ကျွန်တော်တို့ကလည်း မီးသတိပေးလှုံ့ဆော်တာတွေ မပြတ်လုပ်နေပါတယ်” ဟု သထုံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။


ဖြစ်စဉ်မှာ နောင်ကုလားအလယ်ရွာ သဇင်လမ်းရှိ ဦးကျော်ရွှေ (၅၇) နှစ်၊ (ဘ) ဦးထွန်းတင်၏ နေအိမ်တွင် အိမ်သုံးမီးအားမြှင့်စက်အပူလွန်ကဲပြီး နံဘေးရှိ အိပ်ယာခင်းအား လောင်ကျွမ်းရာမှ နေအိမ်သို့မီးသင့် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးလောင်ကျွမ်းမှုအား ၀န်းကျင်နေပြည်သူများမှ ကနဦးဝိုင်းဝန်းငြှိမ်းသတ်ပြီး သထုံခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်း သတ်ယာဉ် သုံးစီးနှင့် ကျေးရွာပိုင် မီးသတ်ယာဉ်တစ်စီးတို့ သွားရောက် ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိဘဲ သိပ်မိုး၊ ပျဉ်ကာ၊ အုတ်ခံ နေအိမ်တစ်လုံး လောင်ကျွမ်းခဲ့ကာ မီးပေါ့ဆလောင်ကျွမ်းမှုဖြစ်စေခဲ့သူ အိမ်ရှင် ဦးကျော်ရွှေအား အမှုဖွင့် အရေးယူရန် သထုံမြို့မရဲစခန်းမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

သထုံမြို့ နယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်း သထုံမြို့ နယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်း Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.