တောင်ဒဂုံတွင် စက္ကူစက်ရုံပိုင်ရှင် အသတ်ခံရ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စက္ကူစက်ရုံတွင်ဖြစ်ပွားသော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ၂ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၃ ရပ်ကွက်၊ ရွှေလီလမ်း ရှိ စက္ကူစက်ရုံပိုင်ရှင် ဦးချစ်လှ မှာ အိပ်ယာပေါ်၌ ပက်လက်အနေအထားဖြင့် မျက်နာတွင် ဖူးရောင်ဒဏ်ရာ ၊ ဦးခေါင်းဂျိုစောင်းတွင် ကွဲအက်သွေးထွက်ဒဏ်ရာများရရှိ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ညီဖြစ်သူ ဦးမောင်မောင်လွင်က ဒဂုံမြို့သစ် (တောင်ပိုင်း ) မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ) ၁၆၄ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးရာ စက္ကူစက်ရုံပိုင်ရှင် ဦးချစ်လှမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အပြင် ၄င်းအခန်းအတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ငွေကျပ် ၂၂၀၀၀၀ တို့ ပျောက်ဆုံးနေကြောင်းသိရှိရပြီး အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဝါးတုတ် ၂ ချောင်းကို အခင်းဖြစ်ရပ်တွင် တွေ့ရှိသိမ်းဆည်း ရရှိခဲ့သည်။

အခင်းဖြစ်ပတ်ဝန်းကျင် စစ်ဆေးမေးမြန်းချက်အရ အလုပ်သမားဟောင်းတစ်ဦးဖြစ်သူ အောင်ကိုမင်း (ခ) နိုင်ဝမ်းအား စက်ရုံပိုင်ရှင် ဦးချစ်လှ မှ နိုင်ထက်စီးနင်းဆက်ဆံခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း၊ လွန်ခဲ့သော ၁ လခန့်က အလုပ်ထုတ်ခံခဲ့ရသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး
၎င်း၏ အစ်ကို ဝမ်းကွဲတော်စပ်သူ စိုးသန်း(ခ) ဇော်ထက် မှာလည်း သန်လျင်မြို့နယ်ရှိ ကြက်ခြံ တစ်ခြံတွင် အလုပ်လုပ်ကိုင် နေရာမှ အခင်းဖြစ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ ရေတံခွန် ကျေးရွာသို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။

ရရှိသည့် သတင်းအချက်အလက်များအရ အမှုနှင့် မသင်္ကာသူ အောင်ကိုမင်း(ခ) နိုင်ဝမ်း နှင့် စိုးသန်း( ခ) ဇော်ထက် တို့နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်သို့ချက်ချင်း သွားရောက်ဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၂၃၃၀ အချိန်တွင် ၄င်းတို့ ၂ ဦးအား နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် အောင်ကိုမင်း (ခ) နိုင်ဝမ်း (၁၈) နှစ်နှင့် စိုးသန်း (ခ)ဇော်ထက် (၂၁) တို့အား ရရှိသည့် သတင်း အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ အောင်ကိုမင်း(ခ) နိုင်ဝမ်းမှာ သေဆုံးသူ ဦးချစ်လှ၏ စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော ၁ လခန့်က အလုပ်ထုတ်ခံခဲ့ရကြောင်း၊ ၄င်းအား နိုင်ထက်စီးနင်း ဆက်ဆံခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်သည်ကို မကျေနပ်သည့်အပြင် ငွေကြေးလိုအပ်နေသဖြင့် အစ်ကိုဝမ်းကွဲတော်စပ်သူ စိုးသန်း (ခ) ဇော်ထက်နှင့် တိုင်ပင်ကာ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၀၁၀၀ နာရီအချိန် ခန့်က စက္ကူစက်ရုံသို့ သွားရောက်ခဲ့ပြီး ဦးချစ်လှအား အသင့်ယူဆောင်လာသော တုတ် များဖြင့် ရိုက်နှက်ကာ
ရွှေ ၊ ငွေ နှင့်ဖုန်းများကို ယူဆောင်လာခဲ့ကြောင်းပေါ်ပေါက်ပါသည်။

ပြစ်မှုကျူးလွန်သူများ၏ ဖော်ထုတ်ချက်အရ သက်သေခံ ရွှေဆွဲကြိုး ၁ ကုံး၊ လက်ကိုင်ဖုန်း ၃ လုံးနှင့်မြန်မာငွေ ၆၀၂၀၀ ကျပ်တို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ၂ ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
တောင်ဒဂုံတွင် စက္ကူစက်ရုံပိုင်ရှင် အသတ်ခံရ တောင်ဒဂုံတွင် စက္ကူစက်ရုံပိုင်ရှင် အသတ်ခံရ Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.