သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား


သံဖြူဇရပ် ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ ကိုးနဝင်းပိုင်း၊ သီတာလမ်းတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီ ၅ မိနစ် အချိန်ခန့်က၊ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သံဖြူဇရပ်မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်ကျော်ထွေး ဦးစီးသည့် မီးသတ်ယာဉ်သုံးစီး၊ ပငကျေးရွာမှ မီးသတ်ယာဉ်တစ်စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်နှင့် ရပ်ကွက်အတွင်းမှ ရေသယ်ယာဉ်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများအင်အား သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၎နာရီ ၃၀ မိနစ်အချိန်တွင် မီးကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းသည့် ဦးထွန်းမြင့်ဦး၏ ၁၆×၁၂ပေ ဓနိမိုး၊ထရံကာ၊ပျဉ်ခင်းခြေတံရှည် နေအိမ်တစ်လုံး၊ ခြံဝင်း တစ်ခုတည်းရှိ ဦးထွန်းမြင့်ဦး၏မိခင်ဒေါ်ခင်ရွှေ၏ ၄၀×၁၆ ပေရှိ သွပ်မိုး၊ပျဉ်ခင်း၊အပေါ်ထပ်ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ် အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၎င်းနှင့်ခြံစည်း ရိုးကပ်လျက်ရှိ ဦးထွန်းထွန်းဦး၏ ပေ၄၀×၂၀သွပ်မိုး၊ ပျဉ်ခင်း၊အပေါ်ထပ်ပျဉ်ကာ၊ အုတ်ညှပ်နှစ်ထပ်အိမ် ခေါင်းရင်းခြမ်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရခြင်းကို မီးသတ်ဦးစီးဌာန၏ စုံစမ်းမှုအရ၊ ဦးထွန်းမြင့်ဦး၏ နေအိမ်တွင် ကလေးများက တီဗီကြည့်နေစဉ်၊ နေအိမ်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်ကာ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးထွန်းမြင့်ဦး (၄၉) နှစ် အား သံဖြူဇရပ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ကျော်ဝင်း ( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.