အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း

Add caption

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ သောကြာနေ့က အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ငွေ ထပ်တိုးပေးဖို့ သဘောတူညီချက် မရရှိတာကြောင့် ဌာနဆိုင်ရာလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ နာတာရှည်ရောဂါကြောင့်ဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းမှာ ဆောင်းပါးရှင် လူချမ်း က ရေးသားပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရတာဟာ သမ္မတသစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတ ထရမ့်အတွက် မျက်နှာကို ဖြတ်ရိုက်ခံရသလိုဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ တဆက်တည်း အနောက်ကမ္ဘာ နိုင်ငံရေးစနစ်ရဲ့ ပျော့ကွက်အဖြစ်ရေးသားသလို နာတာရှည်နိုင်ငံရေးစနစ်အဖြစ်လည်း သရုပ်ဖေါ်ထားပါတယ်။

ဆင်ဝှာသတင်းမှာ ရေးသားတဲ့ဆောင်းပါးဟာ တရုတ်အစိုးရရဲ့ အာဘော်ဖြစ်တယ်လို့ အတတ်မပြောဆိုနိုင်ပေမယ့် ဘေဂျင်းရဲ့ အမေရိကန်အစိုးရအပေါ် ရှုမြင်ချက်တော့ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

အမေရိကန်က ဌာနဆိုင်ရာလုပ်ငန်းတွေ ရပ်ဆိုင်းသွားရတာဟာ အထက်လွှတ်တော်အတွင်း ပါတီနှစ်ရပ်က ကိုယ်စားလှယ်တွေကြားမှာ သဘောတူညီချက်တွေ မရမချင်း ရပ်ဆိုင်းနေမှာဖြစ်ပါတယ်။

ဒီရပ်ဆိုင်းမှုမှာ ကာကွယ်ရေးနဲ့ အရေးကြီးတဲ့ဌာနတွေ အကျုံးမ၀င်ပေမယ့် ကျန်းမာရေး၊ သိပ္ပံပညာဆိုင်ရာဌာနတွေ၊ ဘဏ္ဍာရေးနဲ့ တရားရေးလုပ်ငန်း စတဲ့ ကဏ္ဍအများစု ရပ်ဆိုင်းသွားပြီး၊ အဲဒီဌာနတွေက ၀န်ထမ်းတွေ အခက်အခဲ တွေ့ကြရမှာဖြစ်ပါတယ်။

အမေရိကန်မှာ ၂၀၁၃ ခုနှစ်ကလည်း အခုလို အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရပြီး ၁၆ ရက် ကြာမြင့်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.