ကုလသမဂ္ဂ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ရုရှားက မြောက်ကိုးရီးယားကို ပံ့ပိုးဟုဆို


ပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုးရီးယားက ရုရှားကို ကျောက်မီးသွေးတင်ပို့ပြီး ရုရှားကမှတဆင့် တောင်ကိုရီးယားနဲ့ ဂျပန်ကို ဆက်လက်ဖြန့်ဖြူးခဲ့တာဟာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်တာဖြစ်တယ်လို့ ဥရောပထောက်လှမ်းရေး အရာရှိတစ်ယောက်က ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုးရီးယားအပေါ် အရေးယူပိတ်ဆို့မှုအဖြစ် ကျောက်မီးသွေးတင်ပို့မှုတွေကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၅ ရက်နေ့က တားမြစ်ခဲ့တာဖြစ်ပါတယ်။ ရရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေကို မြောက်ကိုးရီးယားရဲ့ နျူးကလီးယားအစီအစဉ်မှာ အသုံးမပြုနိုင်စေရေး ရည်ရွယ်ချက်နဲ့ အဲဒီလို အရေးယူတားမြစ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီလို ပိတ်ဆို့တားမြစ်ပြီးနောက်ပိုင်း မြောက်ကိုးရီးယားဟာ ရုရှားကို ကျောက်မီးသွေးတွေ ၃ ကြိမ်ထက်မနည်း ထပ်ပြီးတင်ပို့ခဲ့ပြီး ရုရှားဆိပ်ကမ်းတွေကနေပဲ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီကို ဆက်ပြီးဖြန့်ဝေခဲ့တာလို့ အဲဒီဥရောပအရာရှိက ပြောပါတယ်။

မြောက်ကိုးရီးယားပို့ကုန်တွေဟာ ရုရှားကတဆင့် တောင်ကိုးရီးယားနဲ့ ဂျပန်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရောက်ရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေရဲ့ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောကြသလို မြောက်ကိုးရီးယားဟာ ရုရှားကတဆင့် ကျောက်မီးသွေးကုန်သွယ်မှုကို ဆက်လုပ်နေတုန်းပဲလို့ အမေရိကန် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးကတော့ မြောက်ကိုးရီးယား ကျောက်မီးသွေးတွေကို မိမိတို့ ဆက်လက်ဖြန့်ချိနေတယ်ဆိုတာဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကုလသမဂ္ဂ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ရုရှားက မြောက်ကိုးရီးယားကို ပံ့ပိုးဟုဆို ကုလသမဂ္ဂ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ရုရှားက မြောက်ကိုးရီးယားကို ပံ့ပိုးဟုဆို Reviewed by THITHTOOLWIN on 23:30 Rating: 5
Powered by Blogger.