New York ဗုံးခွဲသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကို ရဲ ဖမ်းဆီး

ဗုံးခွဲမှု မသင်္ကာသူ Akayed Ullah
New York မြို့အချက်အချာကျတဲ့ Port Authority ဘက်စကားဂိတ်မှာ တနင်္လာနေ့က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရမှာ မသင်္ကာသူကို ရဲက ဖမ်းမိထားတယ်လို့ New York မြို့ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့် မသင်္ကာသူအပါအ၀င် လူတချို့ဒဏ်ရာရရှိခဲ့ပြီးတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ကြံစီမှုလို့ မြို့တော်ဝင်က ပြောလိုက်ပါတယ်။ New York မြို့မှာနေထိုင်တဲ့ မြန်မာတွေထဲမှာလည်း စိုးရိမ်မကင်းရှိကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။

New York မြို့မနက် လူသူ စည်ကားချိန်မှာ မြို့ရဲ့ လူအရှုပ်ဆုံး Port Authority ဘက်စကားဂိတ်နဲ့ Time Square မြေအောက်ရထားဘူတာဆက်ထားတဲ့ မြေအောက်လှိုင်ဂူမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားအပြီး ၂ နာရီအကြာမှာNew Yorkပြည်နယ်နဲ့ ဒေသခံအစိုးရအရာရှိတွေက အခင်းဖြစ်ပွားရာနေရာမှာပဲ အသေးစိတ်အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့ပါတယ်။ နယူးယောက်ရဲမင်းကြီး James O’Neill က အခုလိုရှင်းပြသွားပါတယ်။

“မနက် ၇ နာ၇ီ ၂၀ ခန့်က မြေအောက်လမ်းမဆုံရာဖြစ်တဲ့ Time Square က အမှတ် ၁၊ ၂၊ ၃ ရထားတွေ လွန်းပြန်ဆွဲနေတဲ့နေရာမှာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ကြောင်း ရဲကိုအကြောင်းကြားလို့ သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့က အသက် ၂၇ နှစ်အရွယ်အမျိုးသားတဦး ဒဏ်ရာရနေတာ တွေ့ခဲ့ရပါတယ်။ သူ့နာမည်ကAkayed Ullahလို့ ကျနော်တို့ သိရပါတယ်။ သူ့တကိုယ်လုံး မီးလောင်ဒဏ်ရာတွေ ဖြစ်နေပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုအရ အဲဒီအမျိုးသားဟာ သူ့ကိုယ်မှာ အဖြစ်လုပ်ထားတဲ့ ဖောက်ခွဲပစ္စည်းကို ၀တ်ဆင်ထားတယ်လို့ သိခဲ့ရပါတယ်။ သူက အဲဒီဖောက်ခွဲပစ္စည်းကို တမင်သက်သက် ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။”

Akayed Ullah ဟာ ၁၁ လက်မရှည်တဲ့ ပိုက်ထဲယမ်းထည့်ပြီး ဘက်ထရီနဲ့ ၀ါယာကြိုးသွယ်ထားတဲ့ အိမ်လုပ်ဗုံးကို သူ့ ကိုယ်မှာ ပတ်ထားခဲ့တာဖြစ်ပါတယ်။ ရဲက နောက်ပိုင်းမှာ ထုတ်ပြန်ချက်တွေအရ သူကမြေကြီးပေါ်မှာ လဲနေပြီး သူ့အကျီ င်္လည်း မီးလောင်ကာ သူ့ဝမ်းဗိုက်ကလည်း အရောင်မဲနေတာ တွေ့ရပါတယ်။ ဗဟိုအစိုးရရဲနဲ့ New York စုံစမ်းစစ်ဆေးနေသူတွေကတော့ Ullahကိုတင်ထားတဲ့ ဆေးရုံမှာပဲ စစ်ဆေးနေပြီး Brooklyn မှာရှိတဲ့ သူ့နေအိမ်ကိုလည်း သွားရောက်ရှာဖွေခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မသင်္ကာသူအပါအ၀င် နောက်ထပ်လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်တဲ့အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။ တကယ်တော့ ဒီ Time Square နေရာက လူသူစည်ကားတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် သေဆုံးဒဏ်ရာရရှိမှု များနိုင်တဲ့အတွက်ကြောင့် ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ဖို့အတွက် ကြံစည်မှုတရပ်ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန် Bill de Blasioက ပြောပါတယ်။

“ကျနော်ရှင်းရှင်းပြောချင်တာကတော့ မြေအောက်ရထားတွေကို အများဆုံးအသုံးပြုပြီးတော့ New York မြို့နေလူတွေဘ၀က အဓိက လှုပ်ရှားနေတာပါ။ မြေအောက်ရထား သွားလာမှုတွေကိုတိုက်ခိုက်ဖို့ ဖြစ်တယ်ဆိုရင် သိပ်ပြီးတော့ စိုးရိမ်ရပါတယ်။ နောက်ထပ်ပြီးတော့ ရှင်းရှင်းပြောချင်တာအချက်ကတော့ ဒါဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ကြိုးပမ်းမှုပါပဲ။ ဒီတိုက်ခိုက်မှုဟာ သူမှန်းသလိုမအောင်မြင်တာကတော့ ဘုရားမလို့ပါပဲ။”

Ullah ဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရောက်ရှိလာပြီး အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်သံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ရာမှာ ကမ္ဘာတ၀ှမ်းအကြမ်းဖက်လုပ်ရက်တွေကို ဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်က လုံးဝ သီးခံမှုမရှိတဲ့ Policy ကို အခိုင်အမာစွဲကိုင်တယ်လို့ ဖော်ပြထားပါတယ်။ Ullah ဟာ ဘယ်ရည်ရွယ်ချက်နဲ့အခုလို တိုက်ခိုက်တယ်ဆိုတာကို သဲကွဲစွာ မသိရသေးပေမယ့် IS အစွန်းရောက်တွေကို အားကျလို့ဖြစ်နိုင်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ သူ့အနေနဲ့ တကိုယ်တော်လုပ်ဆောင်နေတယ်လို့လဲ ယူဆကြပါတယ်။

New York မြို့မှာ မြန်မာနွယ်ဖွားအများအပြားလည်း နေထိုင်ကြတဲ့အတွက် အခုလိုပေါက်ကွဲမှုကြောင့် လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ကြတယ်လို့ သိရပါတယ်။ New York မြို့က ကိုမိုးချမ်းက

“မသင်္ကာတဲ့ဟာတွေ့တယ်ဆိုတော့ အခုကပြောကြပြီလေ ။ မြို့ခံအစိုးရကိုယ်က အစပေါ့နော် ။ “If you see something, Say something” ဆိုတဲ့ ဆောင်ပုဒ်ပေါ့နော် အဲဒါကတော့ ဒီမှာ လက်သုံးစကားလိုဖြစ်နေပြီ။ မင်းတခုခုမြင်လို့ မသင်္ကာတာဖြစ်ရင် မင်း အမြန်ဆုံးလာပြီးအကြောင်းကြားပါဆိုတဲ့ ဆောင်ပုဒ်ပေါ့လေ အဲဒီဆောင်ပုဒ်က အခုဒီမှာ လူတွေပါးစပ်ထဲမှာ စွဲနေကြပြီ။ ဆိုတော့ အဲလိုမျိုးတွေ လုပ်လာတာတွေက ဟိုအရင်တုန်းကဆိုရင် မရှိဘူး။ အခုနောက်ပိုင်းရှိလာတယ်။ ကျနော်တို့ New York မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်တိုင်လည်း အနေအထိုင်ကြာလာတဲ့အချိန်ကျတော့ ဒီလိုမျိုးအနေအထားမျိုးတွေ ဖြစ်လာတာပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်း ဒီလိုပဲ စိုးရိမ်မှုတွေကတော့ အနည်းအများတော့ရှိတာပေါ့နော် ဒါကလူပဲ ။ သို့သော်လည်း ကိုယ်လုပ်စရာရှိတာကို သွားကြလာကြ လုပ်ကြတာပဲဆိုတော့ ကျနော်ထင်ပါတယ် သိထားပြီးသားပါ ဒါတွေကတော့ အနည်းအများတော့ ဖြစ်မှာပဲ လူတိုင်းကတော့ သတိထားပြီးတော့ သွားကြလာကြရတာပါပဲ။”

အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး Sarah Huckabee Sandersကတော့  ဒီပေါက်ကွဲမှုကို ကြည့်ချင်းအားဖြင့် အမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချဖို့ လျောက်ထားသူတွေကို ပိုမိုတင်းကျပ်တဲ့ စဉ်းမျဉ်းတွေနဲ့ စိစစ်ချမှတ်ဖို့ လွတ်တော်က ပြဌာန်းသင့်တယ်ဆိုတာကို သက်သေပြရာရောက်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြခဲ့ပါတယ်။

ဒေါ်လှလှသန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
New York ဗုံးခွဲသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကို ရဲ ဖမ်းဆီး New York ဗုံးခွဲသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကို ရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.