တဘက်နဲ့တဘက် ကြောက်ရွံ့ နေကြတယ်လို့ ကမ္ဘာ့ ကြက်ခြေနီ ပြော


အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြား အသိုင်းအ၀ိုင်းတွေပါ ဘဝခရီး ရှေ့မဆက်နိုင်ဘဲ တဘက်နဲ့တဘက် အလွန်အမင်း ကြောက်ရွံ့ နေကြတယ်လို့ ကမ္ဘာ့ ကြက်ခြေနီအသင်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေထဲ ကြက်ခြေနီအသင်းပဲ ရခိုင်ပြည်နယ်ထဲ သွားနိုင်ပြီး တပြည်နယ်လုံး ရိုဟင်ဂျာ သုံးသိန်းလောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ စာရင်းအတိအကျကောက်ဖို့မဖြစ်နိုင်တဲ့အတွက် ဒီဦးရေကို အမှန် မမှတ်ယူသင့်ဘူးလို့ ICRC- နိုင်ငံတကာကြက်ခြေနီအသင်း လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart ကပြောပါတယ်။

အကြမ်းဖက်မှုနည်းနည်းပါးပါးရှိပေမဲ့ အခြေအနေဟာတည်ငြိမ်ပုံရပါတယ်လို့ ရခိုင်ပြည်နယ်ကို သုံးရက်ကြာသွားခဲ့ပြီးတဲ့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို Dominik Stillhart ပြောပါတယ်။

ဒါပေမဲ့ ကြောက်တာနဲ့ နောင်ရေးအတွက်စိုးရိမ်တာသက်သက်နဲ့ တနေ့ကို လူ ၃၀၀ လောက် နယ်စပ်ကိုဖြတ်ပြေးနေတုန်းပဲလို့လည်း ပြောပါတယ်။ လမ်းတွေပေါ်၊ဈေးတွေထဲနဲ့ လယ်ကွင်းတွေမှာ လူသူကင်းမဲ့နေတာ၊ သူ့မျက်မြင်ပဲလို့လည်း ပြောပါတယ်။ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေ ကြောက်ကြောက်ရွံ့ရွံ့နေထိုင်ကြတာ မဆန်းပါဘူးလို့ Dominik Stillhart က ပြောပြီး အနီးနားရွာတွေက ဗုဒ္ဓဘာသာဝင်တွေလည်း ကြောက်ရွံ့နေကြတဲ့ ပုံပါပဲလို့ တဆက်တည်းပြောပါတယ်။ အသိုင်းအ၀ိုင်းနှစ်ခုစလုံး တဘက်ကိုတဘက် အတော့်ကို ကြောက်နေတာတကယ့်ကို သိသာပါတယ်လို့လည်း ပြောပါတယ်။

စစ်တပ်အကြီးအကျယ်ရှိနေတာ၊ လူတွေသွားနေလာနေတာကို စစ်တပ်ကဖြစ်ဖြစ် ရဲကဖြစ်ဖြစ် ကန့်သတ်ချုပ်ခြယ်တဲ့ အရိပ်အယောင်မတွေ့ရဘူးလို့လည်းDominik Stillhart က ပြောပါတယ်။
ဖြစ်ခဲ့ပျက်ခဲ့တာတွေကို လူတွေ ရင်ထဲအသည်းထဲကကို တုန်လှုပ်ချောက်ချားနေပြီး စိုးရိမ်ကြောက်ရွံ့ထိတ်လန့်နေကြတာမို့ အသိုင်းအ၀ိုင်းအားလုံး သွားလာလှုပ်ရှားကြပါ။ ဘေးမသီရန်မခကာကွယ်စောင့်ရှောက်ပါမယ်လို့ အစိုးရက ရှင်ရှင်းလင်းလင်း အသိပေးဖို့လိုတယ်လို့ Dominik Stillhart က အကြံပေးပါတယ်။

 (photo credit: ICRC)
RFA Burmese
https://www.facebook.com/rfaburmese/
တဘက်နဲ့တဘက် ကြောက်ရွံ့ နေကြတယ်လို့ ကမ္ဘာ့ ကြက်ခြေနီ ပြော တဘက်နဲ့တဘက် ကြောက်ရွံ့ နေကြတယ်လို့ ကမ္ဘာ့ ကြက်ခြေနီ ပြော Reviewed by THITHTOOLWIN on 07:04 Rating: 5
Powered by Blogger.