ထိုင်းငါးဖမ်းစက်လှေမှတစ်ဆင့် အင်ဒိုနီးရှားသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာလုပ်သား ၈ဦးအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၃၂၀၀၀ကျော်ပေး


ရန်ကုန်၊ ဒီဇင်ဘာ ၂၀။

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေများမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ဘန်နာဂျီကျွန်းတွင် ရေလုပ်သားအဖြစ်ခိုင်းစေရန် လူကုန်ကူးခြင်းခံခဲ့ရသည့် မြန်မာရေလုပ်သား(၈)ဦးအတွက် နစ်နာကြေးငွေ အမေရိကန် ဒေါ်လာ၃၂၂၂၉ ဒေါ်လာကို ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် လူကုန်ကူးခြင်းခံရသည့် ကာယကံရှင်များထံ ဒီဇင်ဘာ ၁၉ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရသူ မြန်မာလုပ်သားများအတွက် နစ်နာကြေးငွေကို အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ရုံး၏ ခွင့်ပြုချက်ဖြင် မြန်မာသံရုံးဂျကာတာမှ သံအမတ်ကြီးမှ အဆိုပါနစ်နာကြေးငွေကို လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ကာယကံရှင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေက ပြောသည်။

“အဓိကကတော့ မြန်မာနိုင်ငံသား၈ဦးကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကျွန်းတွေမှာ ရေလုပ်သားအဖြစ်စေခိုင်းဖို့ရာအတွက် လူကုန်ကူးခြင်းခံခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အင်ဒိုနီးရှားမှာရှိတဲ့ ဂျာကာတာသံရုံးကနေ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ဒီလိုလူကုန်ကူးခံရတယ်ဆိုတာကို ဆက်သွယ်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တယ်။ လူကုန်ကူးခံရခြင်းအတွက် တာဝန်ရှိတဲ့သူတွေကိုလည်း တရားဥပဒေနဲ့အညီ အရေးယူဖို့အတွက် သက်သေအဖြစ် ဒီလုပ်သား ၈ဦးက ထွက်ဆိုနိုင်ရေး ဆောင်ရွက်ခဲ့တာဖြစ် တယ်။ ဒီငွေကို အလုပ်သမား ၈ဦးက အညီအမျှရရှိတာ မဟုတ်ပေမယ့် သူတို့နစ်နာခဲ့ရတဲ့အချိန်ကာလအပိုင်းအခြားနဲ့ အနေအထားပေါ်မူတည်ပြီး ခွဲဝေရရှိခဲ့ခြင်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နစ်နာကြေးကို အင်ဒိုနီးရှားအစိုးရမှ လူကုန်ကူးမှုပပျောက်ရေး ဥပဒေရေးအရ တရားစွဲဆိုခဲ့ရာ ယင်းအမှုတွင် သက်သေထွက်ဆိုနိုင်ခဲ့သည့် မြန်မာရေလုပ်သား ၈ဦးအတွက် ၎င်းတို့ အလုပ်လုပ် ကိုင်ခဲ့သည့်အချိန်ကာလ၊ နစ်နာမှု၊ အတိုင်းအတာများအရ PT.Benjina Pusaka Resourcesကုမ္ပဏီမှ ပေးလျော်ရန် အင်ဒိုနီးရှားနိုင်ငံရှေ့နေချုပ်ရုံးမှ နိုဝင်ဘာ၂၈ရက်က အမိန့်ချမှတ်ခဲ့သောကြောင့် ဒီဇင်ဘာ၆ရက်က မြန်မာသံရုံးဂျကာ တာမြို့မှ သံအမတ်ကြီးက အခမ်းအနားဖြင့် ကိုယ်စားထုတ်ယူလက်ခံခဲ့ကာ ကာယကံရှင်များထံ တိုက်ရိုက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ဆုံး ဒီကနေ ရှမ်းပြည်ကို ရောက်သွားတယ်။အဲ့ဒီကနေ အင်ဒိုနီးရှားကို နောက်တစ်ဆင့် ထပ်ရောက်သွားတယ်။ ဟိုမှာကျွန်တော်တို့က လှေလိုက်ရတယ်။ လှေတစ်ခေါက်ကို သုံးလကျော် ကြာပါတယ်။ ပင်လယ်ထဲမှာဆိုတော့ နေ့ရော၊ ညရော အလုပ်လုပ်ရတယ်။ နားနေချိန်ဆိုတာ သိပ်မရှိဘူး။ နာရီပိုင်းလောက်ပဲ နားရတယ်။ ၂၄နာရီအပြည့် လုပ်ရတယ်။ လစာတော့ မရှင်းဘူး။ ကမ်းဝင်ကမ်းထွက်မှာ သုံးဖို့ စားစရိတ်လောက်ပဲ ပေးသုံးတာပါ။ ဒီကိုပြန်ရောက်လာတာကလည်း အစိုးရကနေ ပြန်ခေါ်တော့ပြန်လိုက်လာရတာပါ”ဟု လူကုန်ကူးခံရသူတစ်ဦးက ပြောသည်။

လူကုန်ကူးခံရသူမြန်မာရေလုပ်သားများနှင့်စပ်လျဉ်း၍ စစ်ဆေးဖော်ထုတ်ခဲ့ရာ သံသယရှိသူများအား ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ကျူးလွန်သူတရားခံများ ပြစ်ဒဏ်ကျခံစေရေးနှင့် နစ်နာကြေးငွေများ ရရှိရေးအတွက် အမှုနှင့် သက်ဆိုင်သူများအား တရားရုံး၌ သက်သေထွက်ဆိုနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနီးရှားနိုင်ငံမှ Lembaga Perlindungan Saksi Dan Korban( LPSK) အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ထိုင်းငါးဖမ်းစက်လှေမှတစ်ဆင့် အင်ဒိုနီးရှားသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာလုပ်သား ၈ဦးအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၃၂၀၀၀ကျော်ပေး ထိုင်းငါးဖမ်းစက်လှေမှတစ်ဆင့် အင်ဒိုနီးရှားသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာလုပ်သား ၈ဦးအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၃၂၀၀၀ကျော်ပေး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.