ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်၂၀၁၈ တွင် အပြီးတည်ဆောက်မည်


မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၆

မြစ်ကြီးနားမြို့ပလန(၂)၊ကံကော်မြိုင်ကျေးရွာတွင်ရှိသော ဧက၂၀ ကျယ်ဝန်းသည့်မဇ္စိုမ မနောသုခ သာသနာပြုကျောင်း အတွင်းတွင် တည်ဆောက်နေသော ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ မဇ္စိုမလာဘဗောဓိဗုဒ္ဓရုပ်ပွားတော် ကို ၂၀၁၈နှစ် ကုန်ပိုင်းတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါဘုရား တည်ဆောက်နေသော အင်ဂျင်နီယာထံမှ သိရသည်။

``ဘုရားကြီးရဲ့ အောက်ခြေကဝင်ရင် ပထမထပ်နဲ့ ဒုတိယထပ်မှာ ဗုဒ္ဓဂါယာက ရှေးဟောင်းရုပ်ပွားတော်တွေ ပန်းချီကားတွေထားပြီး ပြတိုက်လုပ်မယ် အခုကဘုရားကတော့ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်း တော့ပြီးပြီ။ နောက်နှစ် နှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ ပြီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်´´ဟု အဆိုပါဘုရားကို တည်ဆောက်နေသော အင်ဂျင်နီယာ ဦးစောနိုင်ကပြောသည်။


အဆိုပါဘုရားကို ၂၀၁၆ခုနှစ်မှ စတင်တည်ဆောက်လျှက်ရှိပြီး ဘုရား၏ပလ္လင်တော်အမြင့်မှာ၁၅ပေ၊ ဘုရား၏ ညဏ်တော်အမြင့် ၉၃ပေ စုစုပေါင်းအမြင့် ၁၀၈ပေ တည်ဆောက်နေကာ ကချင်ပြည်နယ်အတွင်းတွင် အကြီးဆုံး ထိုင်တော်မူ ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။

``ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္နဝံသရဲ့ လမ်းညွှန်ချက်နဲ့ တည်ဆောက်နေတာ၊ ဗုဒ္ဓသာသနာ ဒီ့ထက်တိုးတက်ပြန့်ပွားစေချင်တဲ့ ၊ရည်ရွယ်ချက်ကြောင့်ပါ၊ဘုရားကြီးအတွက်ကို ကျောင်းကနေ သီးသန့်အလှုခံထွက်တာမျိုးတော့ တခါမှမရှိဘူး။ ဘုရားဖြစ်မြှောက်ရေးအဖွဲ့နဲ့၊ နီးစပ်ရာ လူတွေဆီကနေတစ်ဆင့်၊အလှုခြံဖတ်ပိုင်းတော့ ပေးထားတယ်၊လာလှူကြတာတွေလည်း ရှိပါတယ်´´ဟု မဇ္စိုမမနောသုခသာသနာပြုကျောင်း၏ တာဝန်ခံ ဆရာတော် ဦးနေမိန္ဒကမိန့်ကြားသည်။

အဆိုပါဘုရားကို ရန်ကုန်မြို့ရှိ ဦးမျိုးဆွေ+သီရိသုဓမ္မသိင်္ဂိ မဇ္စိုမသံဃမာတာ ဒေါ်မြရှင်(ပုလဲရတနာ ရောင်းဝယ်ရေး) မိသားစုမှသိန်း၅၀၀၀ မတည်လှုဒါန်းထားပြီး ယခုထိ ခန့်မှန်းကုန်ကျငွေ သိန်း၄၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

``ဒီလိုဘုရားမျိုး၊ဒီမြို့မှာ လာတည်ဆောက်ပေးတာကို ကျေးဇူးတင်ပါတယ် ဒါမှဒီဘုရားကြီးကို စိတ်ဝင်စားပြီး၊ဗုဒ္ဓဘာသာတွေ အနေနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အဝင်အထွက်များလာပြီး လူငယ်တွေ နည်းမှန်လမ်းမှန် ဖြစ်လာမယ်လို့ထင်တယ်´´ဟုမြစ်ကြီးနားမြို့ရှိ ဒေသခံ တစ်ဦးကပြောသည်။

မဇ္စိုမလာဘဗောဓိဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ထားသည့် ဘုရားဝန်းအတွင်းတွင် ဘိုးဘွားရိပ်သာ၊ တရားစခန်းများလည်း တည်ဆောက်ဆဲဖြစ်ပြီး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူကြိုမှ သတ္တမတန်းအထိရှိကာ ပတ်ဝန်းကျင်ရွာများမှ ကလေးများ လာရောက်ပညာသင်ကြားနေပြီး ဆေးပေးခန်း တစ်ခုလည်း တည်ဆောက်နေကြောင်း သိရသည်။

မီးမီး / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews/
ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်၂၀၁၈ တွင် အပြီးတည်ဆောက်မည် ကချင်ပြည်နယ်၏ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်၂၀၁၈ တွင် အပြီးတည်ဆောက်မည် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.