ရုရှားစီးပွားရေးဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ


    မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

    ရုရှားနိုင်ငံ မော်စကိုမြို့ ရှိ တရားရုံးတစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး(ဟောင်း) Alexei Ulyukayev အား အကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ငွေဒဏ် ရုရှား ရူဘယ် သန်း ၁၃ဝ ( အမေရိကန်ဒေါ်လာ ၂.၂ သန်း) ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

TASS သတင်းအေဂျင်စီ၏ အွန်လိုင်းစာမျက်နှာတွင် တရားခံဝန်ကြီးဟောင်းသည် ရုရှားထိပ်တန်းရေနံကုမ္ပဏီ Rosneft ၏ အကြီးအကဲ Igor Sechin ထံမှ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းရယူခဲ့ကြောင်း ဖော်ပြထားသည်။Ulyukayev က ၄င်းသည် ယခင် Rosneft၏ လုံခြုံရေးအကြီးအကဲ Oleg Feoktistov နှင့် Sechin တို့ ၏ သားကောင်အဖြစ် ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။Ulyukayev ၏ ရှေ့ နေက ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။

အသက် ၆၁ နှစ်အရွယ်ရှိ ဝန်ကြီးဟောင်း Ulyukayev သည် နိုဝင်ဘာ ၁၅ ရက်တွင် Rosneft ကုမ္ပဏီဌာနချုပ်၌ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၊ ၄င်းသည် Senchin ၏ ဖိတ်ကြားချက်အရ ကုမ္ပဏီသို့ သွားရောက်လည်ပတ်ခဲ့ပြီး လာဘ်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းထည့်ထားသည့် ငွေအိတ်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စွပ်စွဲချက်များကို Ulyukayev က ငြင်းဆိုခဲ့ပြီး အဆိုပါ အိတ်ထဲတွင် တန်ဖိုးကြီး ဝိုင်အရက်ပုလင်းတစ်လုံး ထည့်ထားသည်ဟု ၄င်းအနေဖြင့် ယုံကြည်ခဲ့သည်ဟု ဆိုသည်။ထိုသို့ အဖမ်းခံရပြီးနောက်တစ်ရက်တွင် ယုံကြည်မှု ပျောက်ဆုံးသွားသည့်အတွက် Ulyukayev ၏ လုပ်ငန်းတာဝန်များအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတပူတင်က ထုတ်ဖော်ကြေညာခဲ့သည်။Ulyukayev သည် ဒီဇင်ဘာ ၁၅ ရက်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားစီးပွားရေးဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ ရုရှားစီးပွားရေးဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.