ဒီဇင်ဘာ ၃ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူ ကိုယ်တိုင်လာရောက်အဖမ်းခံ


တောင်ကြီးမြို့ UCTဟိုတယ်ရှေ့တွင် ဒီဇင်ဘာ ၃ရက်နေ့က ယာဉ်တိုက်မူဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူမှာ ဒီဇင်ဘာ ၈ ရက်နေ့တွင် အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးသို့ မိဘများက လာရောက်အပ်နှင်ပြီး ကိုယ်တိုင် လာအဖမ်းခံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအချိန်ခန့်တွင် တောင်ကြီးမြို့ UCT ဟိုတယ်အနီး ဘူမိဗေဒဌာနမှ ကထိကဦးစိုးမင်းဦးနှင့်သမီးမဇင်လှိုင်နှင်း တို့စီးလာသော ဆိုင်ကယ်အား ကားနှင့်တိုက်မိပြီး ဦးစိုးမင်းဦးနှင့်သမီးမဇင်လှိုင်နှင်းတို့မှာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားကြောင်း ၊ကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားရာ တိုက်ပြေးယာဉ်နှင့်ပတ်သက်ပြီး ဖမ်းမိနိုင်ရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ယဉ်ထိန်းရဲများ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရာ ထွက်ပြေးတိမ်းရှောင်သူသည် သက်ထွဏ်းဇော်(ခ)အရေး ဖြစ်ကြောင်းသိရသည်။


"ကွင်းဆက်တွေကို လိုက်တဲ့အခါမှာ ထွက်ပြေးသူက သက်ထွဏ်းဇော် ဆိုတာ သိရတယ်။ စုံစမ်းတဲ့အခါမှာ သူနဲ့အဆက်သွယ်မရဘူး။ သူ့မိသားစုတွေ သူဖခင်နဲ့ပဲ အဆက်သွယ်ရတယ်။ သူမိဘကို ဆက်သွယ်ပြီးတော့ တရားခံကိုလာအပ်ဖို့ အကြောင်းကြားထားတယ်။ ကျွန်တော်တို့လည်း သူသွားတက်တဲ့ နေရာတွေအားလုံး တောက်လျောက်စောင့်ကြည်နေတော့ သူလည်းလွတ်မှာမဟုက်ဘူးဆိုတာ သိတော့ ဒီမနက် ၁၀ နာရီ ၄၅ မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှာ လာအဖမ်းခံတယ် မိဘတွေကိုယ်တိုင်က လာရောက် အပ်နှံသွားတယ်''ဟု အမှတ် ၁၈ ယာဉ်ထိန်းရဲမှူးဦးမျိုးဇော်အောင်ဆိုသည်။

"ယာဉ်တိုက်မှုဖြစ်တိုင်းလည်း ကိုယ်မှားတယ်လို့ ယူဆလို့မရဘူး ထွက်မပြေးပဲ ကာယကံရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် အမှားအမှန်က ဘယ်သူဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ရမယ် ဒါကြောင့်ပြည်သူတွေအနေနဲ့ ယာဉ်တိုက်မှုဖြစ်တိုင်း ထွက်မပြေးပဲဖြေရှင်းဖို့ပြောချင်တယ်''ဟု ၄င်းမှဆက်ပြောသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၄ရက်နေ့တွင် သက်ထွဏ်းဇော်(ခ)အရေးအား တောင်ကြီးမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၀/၂၀၁၇/ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၀၄-(က)/၂၀၂နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
ဒီဇင်ဘာ ၃ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူ ကိုယ်တိုင်လာရောက်အဖမ်းခံ ဒီဇင်ဘာ ၃ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူ ကိုယ်တိုင်လာရောက်အဖမ်းခံ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.