ယန်ဟီးလီကို မြန်မာအစိုးရ ပြည်ဝင်ခွင့်မပေး


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက မြန်မာပြည်ကို လာရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေ လာရောက်လေ့လာလိုတဲ့ အပေါ် မြန်မာအစိုးရက ခွင့်မပြုခဲ့ဘူးလို့ ကုလသမဂ္ဂဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
မစ္စယန်ဟီးလီ အနေနဲ့ လာမဲ့ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။
တကယ်လို့ သူ့အနေနဲ့ လာရောက်ခွင့်ရခဲ့ရင် ရိုဟင်ဂျာ မွတ်ဆလင်အရေးအပါအ၀င် လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ ရည်ရွယ်ထားခဲ့တာပါ။

မြန်မာအစိုးရရဲ့ အခုလို ငြင်းပယ်တဲ့ ဆုံးဖြတ်ချက်ကို နားမလည်တဲ့အပြင် စိတ်ပျက်မှုပါ ဖြစ်ရတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
အခုလို ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ ရခိုင်ပြည်နယ်အပါဝင် အခြားဒေသတွေမှာ အခြေအနေဆိုးဝါးနေတာကို ညွှန်းဆိုနေတာဖြစ်တယ်လို့လည်း ယန်ဟီးလီက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြန်မာအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျွန်မရဲ့ မြန်မာ နိုင်ငံခရီးစဉ်အပြီး ကြေညာချက်ထုတ်ပြန်ပြီးကတည်း မရှိတော့ဘူးလို့လည်း ယန်ဟီးလီက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အစီအရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှုမရှိဘူးလို့ ပြောထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ယန်ဟီးလီကို မြန်မာအစိုးရ ပြည်ဝင်ခွင့်မပေး ယန်ဟီးလီကို မြန်မာအစိုးရ ပြည်ဝင်ခွင့်မပေး Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.