တိုက်ပွဲကြောင့် ထွက်ပြေးသူ ၂ ထောင်ကျော်ရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်။ Photo: Wai Lu Kyaw Foundation
ရခိုင်နဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရခိုင်တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်လောက်ရှိနေပြီလို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ဒီနေ့ ပြောပါတယ်။

အိန္ဒိယနယ်စပ် ကလက်ချောင်းတစ်လျှောက်က ကျေးရွာတွေနားမှာ ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် အဲဒီချောင်း တစ်လျှောက်ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးနေကြရတာလို့ AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဖက်နဲ့ ပလက်ဝမြို့နယ် ရှင်းလက်ဝရွာတွေမှာ သွားရောက် ခိုလှုံနေကြရတာဖြစ်တယ် လို့ပြောပါတယ်။

လက်ရှိမှာတော့ မီဇိုရမ်ပြည်နယ်ဖက်မှာ ဒုက္ခသည်ဦးရေ တစ်ထောင့်ရှစ်ရာကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ လည်း လုံလောက်မှုမရှိကြဘူးလို့ ခိုင်သုခ က ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားရာ ဂုံပြင်ဆိုတဲ့ရွာကနေ ထွက်ပြေးလာကြသူဦးရေ ၃၃၄ ယောက်ရှိပြီး လက်ရှိ ရှင်းလက်ဝရွာ မှာ ဒုက္ခသည်စခန်း ဖွင့်ပြီး စောင့်ရှောက်ပေးထားတယ်လို့ ပလက်ဝမြို့နယ် လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့ဥက္ကဌ ဦးဝေသန်းက ပြောပါတယ်။

ဒုက္ခသည်တွေကို ပလက်ဝမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့စီစဉ်မှုနဲ့ စောင့်ရှောက်ထားတာဖြစ်ပြီး တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးတာကြောင့် နေရပ်မပြန်နိုင် ကြသေးဘူးလို့ ဦးဝေသန်းက ပြောပါတယ်။

အစိုးရတပ်မတော်ဖက်ကလည်း ပလက်ဝမြို့နယ်အတွင်း ဆန်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ဆန်ဈေးတွေမြင့်တက်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ပွဲကြောင့် ထွက်ပြေးသူ ၂ ထောင်ကျော်ရှိ တိုက်ပွဲကြောင့် ထွက်ပြေးသူ ၂ ထောင်ကျော်ရှိ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.