တိုက်ပွဲတွေကြောင့် ဆရာ ဆရာမ ၃၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးရောက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ်/ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်းကျေးရွာအုပ်စု၊ ၀ိန့်နန်းရွာ အနီးတ၀ိုက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဆရာ/ဆရာမ အယောက် ၃၀ ကျော်ဟာ နမ္မတူမြို့နယ်ပညာရေးမှူးရုံးမှာ ခိုလှုံနေကြပါတယ်။

ကျောင်း ၉ ကျောင်းကနေ ထွက်ပြေးလာတဲ့ ဆရာ/ဆရာမ ၃၁ ယောက်ကို မြို့နယ်ပညာရေးမှူးရုံးရဲ့ အထက ၁ ကျောင်း ထဲမှာ နေရာချထားပေးတယ်လို့ နမ္မတူမြို့နယ်ပညာရေးမှူး ဦးဘုန်းကျော် က ပြောပါတယ်။

" ၅ ရက်နေ့ညပေါ့ဗျာ၊ မိုင်းရင်းကျေးရွာ ၀ိန့်နန်းပေါ့၊ ထိတွေ့မှု ဖြစ်တယ်ပေါ့၊ နောက်နေ့မနက်ကျတော့လည်း ဟော်နားဆိုတဲ့ ရွာမှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်ဖို့ အဲနားပတ်ဝန်းကျင်က ပထမ ကျောင်း ၄ ကျောင်းပေါ့ဗျာ၊ အဲမှာရှိတဲ့ ဆရာ/ဆရာမတွေ ၁၀ ယောက်လောက်လာပါတယ်၊ နောက်နေ့လည်းကျရော ကျောင်း ၅ ကျောင်း ပေါ့၊ ဆိုတော့ ကျောင်းစုစုပေါင်း ၉ ကျောင်း၊ ဆရာ/ဆရာမကတော့ ယောကျာ်းလေးကတော့ ၁၂ ယောက်ပေါ့၊ မိန်းကလေးကတော့ ၁၈ ယောက်၊ ၃၀ နောက်ထပ် ဆရာမတစ်ယောက်က ကျန်နေတာကို နောက်ကလိုက် လာတဲ့အခါကျတော့ ၃၁ ဖြစ်ပါတယ်၊ လောလောဆယ်ကတော့ ကျနော့် ပညာရေးမှူးရုံးရဲ့ အထက ၁ ထဲမှာပဲ တည်းဆိုနေတာပေါ့၊ လိုအပ်တဲ့စောင်တွေ၊ ဘာတွေကိုလည်း ကျနော်တို့ရှိတာကိုပေး၊ မရှိတာကိုလည်း ငှားရမ်းပေးရတာပေါ့"

အဲဒီ ဆရာ/ဆရာမတွေဟာ မူလတန်းပြတွေဖြစ်ပြီး နမ္မတူမြို့ပေါ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့ တွေမှာ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ၀ိန့်နန်းရွာအနီးတ၀ိုက်မှာ အခြေအနေငြိမ်သက်သွားပြီလို့ ကြားသိရပေမယ့် ပြန်ဖို့အတွက် အပြန်လမ်းခရီးလုံခြုံရေးအခြေအနေကို စောင့်ကြည့်နေကြတယ်လို့လည်း ဦးဘုန်းကျော် က ပြောပါတယ်။

ဆရာ/ဆရာမတွေ ထွက်ပြေးလာတာကြောင့် နမ္မတူမြို့နယ်ထဲက ၀ိန့်နန်း၊ ဟော်နား၊ နားလင်း၊ မန်ပန် စတဲ့ကျေးရွာ ၉ ရွာမှာရှိတဲ့ မူလတန်းကျောင်း ၉ ကျောင်းကို ယာယီပိတ်ထားရပါတယ်။

နမ္မတူမြို့နယ်နဲ့ လားရှိုးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ လှုပ်ရှားသွားလာလေ့ရှိသလို တိုက်ပွဲတွေလည်း မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရလေ့ ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ဆရာ ဆရာမ ၃၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးရောက်ရှိ တိုက်ပွဲတွေကြောင့် ဆရာ ဆရာမ ၃၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးရောက်ရှိ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.