မောင်တောတောင်ပိုင်း အင်းဒင်ရွာမှ ကျောင်းဆရာ ၄ ဦး အပါအ၀င် လူ ၅ ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

(ဓာတ်ပုံ- ဖမ်းဆီးခံရသူများ၏ ရွာတွင် တည်ရှိသည့် အင်းဒင်နယ်ခြားစောင့်စခန်း)
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရွာမှ ကျောင်းဆရာ ၄ ဦးနှင့် ရွာသား တစ်ဦးတို့ကို သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

မောင်တောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကို ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီက အင်းဒင်ပဲရုံရွာက ဦးမောင်သိန်းဖြူကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ အဲဒီနောက် အင်းဒင်ကျေးရွာက ကျောင်းဆရာ ဦးထွန်းအေးကို နောက်ထပ် ဖမ်းသွားတယ်လို့ သိရပါတယ်။ ရွာသားတွေ အပြောအရ သိရတာက စရဖ မှလို့ သိရပါတယ်။ အဲဒီမှာ အလယ်သံကျော်က စရဖက ထွန်းဝင်းဆိုတဲ့ လူတစ်ယောက်ပါတယ်လို့ သိရပါတယ်” ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

၎င်းလူသုံးယောက် ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ကလည်း အင်းဒင်ကျေးရွာမှ လက်ထောက်ပညာရေးမှူး ဦးမြင့်စိုးနှင့် အင်းဒင် ခွဆုံကျေးရွာ မူလတန်းကျောင်းအုပ် အောင်သိန်းဖြူတို့ကိုလည်း အင်းဒင်စခန်းမှ ကားဖြင့် ခေါ်ယူသွားသည်ဟု သိရသည်။

“ ကျွန်တော်တို့ အတိအကျ ဘာမှ မသိရသေးဘူး။ ဘာကြောင့် ဖမ်းသလဲဆိုတာကို မသိရသေးဘူး။ အခု ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရတော့ မိသားစုတွေက စိတ်ပူနေကြပါတယ်” ဟု ဦးမောင်အုန်းက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

ဒေသခံ တစ်ဦးက ပြောသည်မှာ ယခုဖမ်းဆီးခံရသူများထဲမှ တစ်ဦးဦးသည် များမကြာမီ အင်းဒင်ကျေးရွာသို့ ရောက်ရှိလာခဲ့သည့် ရိုက်တာ သတင်းဌာနမှ သတင်းထောက် နှစ်ဦးအား ဓာတ်ပုံတစ်ချို့ကို ပေးလိုက်မိရာမှ ၎င်းအမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု အင်းဒင်ရွာတွင် သတင်းဖြစ်ပေါ်နေသည်ဟု ပြောကြားသော်လည်း နိရဉ္စရာ သတင်းဌာနအနေဖြင့် အဆိုပါ ပြောကြားမှု အပေါ် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Narinjara
https://www.facebook.com/Narinjara
မောင်တောတောင်ပိုင်း အင်းဒင်ရွာမှ ကျောင်းဆရာ ၄ ဦး အပါအ၀င် လူ ၅ ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို မောင်တောတောင်ပိုင်း အင်းဒင်ရွာမှ ကျောင်းဆရာ ၄ ဦး အပါအ၀င် လူ ၅ ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.