ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့် ကန့်သတ်ရာမှ ဒေသခံများ စားသောက်ရေးအခက်ကြုံ


စစ်တွေ၊ ဒီဇင်ဘာ ၁၆

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းသို့ ဆန်သယ်ယူခွင့်ကို ကန့်သတ်ရာလိုက်ရာမှ ဆန်ဈေးနှုန်းမြင့်တက်ပြီး ဒေသခံများ စားသောက်ရေး အခက်ကြုံနေရသည်ဟု သတင်းရရှိသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်းမှ ဆန်များကို စက်လှေများဖြင့် ပလက်ဝမြို့နယ်သို့ လွတ်လပ်စွာ ပို့ဆောင်နိုင်ခဲ့သော်လည်း ရက္ခိုင့်တပ်မတော် (အေအေ) နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ စက်လှေများဖြင့် သယ်ယူခွင့်ကို သက်ဆိုင်ရာမှ ကန့်သတ် လိုက်သည်ဟု သိရသည်။

“တစ်လှေတစ်စီးမှာ ဆန်တစ်အိမ်ထက် ပိုတင်ယူလို့မရဘူး။ ကားနဲ့လည်း တစ်အိတ်ဘဲ သယ်ခွင့် ရှိတယ်။ အခု ဆန်ဈေးတွေ မြင့်တက်ပြီး ဒီက လူတွေအားလုံး ထမင်းငတ်သေတော့မှာပဲ။ အခုဒီမှာ ဝယ်မယ်ဆိုရင်တောင် ဆန်ရောင်းတဲ့ လူတွေမှာ ဆန်မရှိတော့ဘူး။ တော်တော့်ကို အခက်အခဲ ဖြစ်နေကြတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးဖြစ်သူ ဦမောင်မောင်က နိရဉ္စရာသို့ပြောသည်။

တစ်စီးလျှင် ဆန်တစ်အိတ်သာ တင်ဆောင်ရမည်ဟု မြို့နယ် အာဏာပိုင်များမှ အမိန့် ထုတ်ထားကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ သယ်ယူခွင့်ကို ကန့်သတ်လိုက်ရာမှ ယခင်က သီရိဒုံနှင့် ရွှေဝါထွန်းဆန် တစ်အိတ်လျှင် ကျပ် ၁၈ဝဝဝ နှင့် ၂ဝဝဝဝ အကြားထိသာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၂၅ဝဝဝနှင့် ၂၈ဝဝဝဝ အကြားပေးဝယ်နေရသည်ဟု သူက ဆိုသည်။

၎င်းပြင် ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၃၆ဝဝဝ ဖြင့် အမြင့်ဆုံး ဈေးရှိခဲ့သော်လည်း ယခုအခါ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၄၅ဝဝဝ ကျပ်အထိ ပေးဝယ်နေရ ကြောင်း သူက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ စစ်ဆင်ရေးနယ်မြေဖြစ်သောကြောင့် ကန့်သတ်ရခြင်း ဖြစ်သည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိသဖြင့် ဆန်များသာမက ဆား၊ ငပိစသည့် အခြေခံ စားသောက်ကုန်များကိုလည်း ရခိုင်ပြည်နယ်မှ ကုလားတန်မြစ်ကြောင်း အတိုင်း စက်လှေ၊ မော်တော်ဘုတ်များဖြင့် တင်ပို့ ကြသည်ဟု သိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့် ကန့်သတ်ရာမှ ဒေသခံများ စားသောက်ရေးအခက်ကြုံ ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့် ကန့်သတ်ရာမှ ဒေသခံများ စားသောက်ရေးအခက်ကြုံ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.