မောင်တောတောင်ပိုင်းတွင် အနက်ရောင်ယူနီဖောင်းဝတ်ဆင်ထားသူများအား စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် သေနတ်သံများကြားခဲ့ရဟုဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ARSA အဖွဲ့ဝင်များဟု ယူဆရသည့် အနက်ရောင် ယူနီဖောင်း ၀တ်ဆင်ထားသည့် လက်နက်ကိုင် အဖွဲ့တစ်ခုအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မေယူတောင်ထဲတွင် လိုက်လံ ရှင်းလင်းစဉ် သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် ဘင်္ဂလီလူမျိုး ၈ ဦးတွင် လူ ၆ ဦးမှ သေနတ် ၆ လက်ကို ကိုင်ဆောင်ထားပြီး ကျန်နှစ်ဦးမှာ ဓါးရှည်များ ကိုင်ဆောင်ထားကြောင်း၊ ၎င်းတို့ ၈ ဦးသည် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ဘင်္ဂလီရွာထဲမှ ရွှေဗဟိုနှင့် ကင်းချောင်းကျေးရွာ အကြား တံတားအနီးမှ မေယူတောင်ထဲသို့ ယနေ့ နံနက် ၁၁ နာရီ အချိန်က ဖြတ်သန်း ၀င်ရောက်စဉ် ကျေးရွာသားများက ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း ကင်းချောင်းရွာမှ ဦးအောင်စံဖြူက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ ရွာသားတွေကတော့ ARSA အဖွဲ့ဝင်တွေလို ယူဆပါတယ်။ ဒါကြောင့် တပ်ကို အကြောင်းကြားတော့ တပ်က လိုက်ပါသွားပါတယ်။ အဲဒီနောက်မှာ မေယူတောင်ထဲကနေ သေနတ်သံတွေကို ကြားခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

အမည်မဖော်လိုသူ မောင်တောမြို့မှ အစိုးရ၀န်ထမ်း တစ်ဦးကလည်း ယနေ့ ညနေ ၄ နာရီကျော်က ရွှေဗဟိုကျေးရွာသို့ ရောက်ရှိစဉ် မေယူတောင်ထဲမှ သေနတ်သံများကြားခဲ့ရကြောင်း အတည်ပြု ပြောကြားသည်။

နိရဉ္စရာ သတင်းဌာနမှ တိုက်ပွဲဖြစ်ပွားမှုကို အသေးစိတ် သိရှိနိုင်ရန် ကင်းချောင်းကျေးရွာသို့ ဆက်သွယ်မေးမြန်းရာ ကျေးရွာသား တစ်ဦးက “ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီထိ ကင်းချောင်းရွာရဲ့ အရှေ့ဘက် မေယူတောင်ထဲက ကြားရတာ ဖြစ်ပါတယ်။ သေနတ် ပစ်ခတ်သံတွေ ထွက်လာလိုက်၊ ပျောက်သွားလိုက် အဲသလို ကြားရပါတယ်။ မေယူတောင်ထဲ ကင်းချောင်းဖျားဘက်ကနေ ကြားရတာပါ” ဟု ပြောကြားသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုမည့်သူ မရှိသဖြင့် အစိုးရဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
မောင်တောတောင်ပိုင်းတွင် အနက်ရောင်ယူနီဖောင်းဝတ်ဆင်ထားသူများအား စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် သေနတ်သံများကြားခဲ့ရဟုဆို မောင်တောတောင်ပိုင်းတွင် အနက်ရောင်ယူနီဖောင်းဝတ်ဆင်ထားသူများအား စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် သေနတ်သံများကြားခဲ့ရဟုဆို Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.