မြန်မာရေပိုင်နက်ထဲ ၀င်ရောက် ငါးဖမ်းသည့် ဘင်္ဂလာဒေ့ရှ် ၅ ဦး ရေထဲပစ်ချခံခဲ့ရဟုဆို

(ဓာတ်ပုံ- ရေထဲမှ ကယ်ဆယ်လိုက်ရသည့် ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၅ ဦး)
နိရဉ္စရာ၊ နိုဝင်ဘာ ၎

ဘင်္ဂလာဒေ့ရှ်မှ ငါးဖမ်းသမား ၅ ဦးကို မြန်မာနယ်ခြားစောင့်ရဲတပ်က ရေထဲပစ်ချပြီး ငါးဖမ်းလှေနှင့် ငါးများကို သိမ်းဆည်း ယူဆောင်သွားခဲ့သည်ဟု ကော့စ်ဘဇားနယူးတွင် သတင်းဖော်ပြသည်။

၎င်းငါးဖမ်းသမားများမှာ ပလစတစ်ဗူးများကို ဖက်တွယ်ပြီး နတ်မြစ်အတွင်း မျောပါနေစဉ် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှ ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့ ၅ ဦးသည် လွန်ခဲ့သော ကြာသပတေး ညဥ့်က နတ်မြစ်အ၀ရှိ စိန့်မာတင် (အုန်းကျွန်း) အနီး ငါးဖမ်းရန် သွားရောက်ခဲ့ပြီး မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက် ငါးခိုးဖမ်းနေစဉ် နိုဝင်ဘာ ၃ ရက် သောကြာနေ့ နံနက်အစောကြီး အချိန်တွင် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ စပိဘုတ် ကင်းလှည့် ရေယာဉ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့အား ဖမ်းဆီးခဲ့သည်။

ဖမ်းဆီပြီးနောက် ၎င်းတို့ ၅ ဦးအား ရိုက်ပုတ်ကာ ငါးဖမ်းစက်လှေပေါ်မှ နတ်မြစ်ထဲသို့ ကန်ချပြီး စက်လှေကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ယူဆောင်သွားကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ ၅ ဦးမှာ မိုဟာမတ်ရုဘဲလ်(၂၅) နှစ်၊ မာမတ် အာလီယာ (၂၂) နှစ်၊ နာဇီမူဒိန် (၂၆) နှစ်၊ ဆော့ယော့တူလာ (၃၀)နှစ်၊ မာမတ် အာလောင်ဂျီ (၃၀) နှစ်တို့ ဖြစ်ကြပြီး တက်ကနက်မြို့နယ် ဆားပြင်အုပ်စု ဘာဟာဆောရာ ရွာက ဖြစ်ကြသည်ဟု သိရသည်။

ယခုအခါ နယ်စပ် ပြဿနာကြောင့် နတ်မြစ်အတွင်း ငါးဖမ်းထားခြင်းကို ပိတ်ပင်ထားသော်လည်း ၎င်းတို့မှ လိုက်နာခြင်းမရှိဘဲ သွားရောက်ငါးဖမ်းရာမှ ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ရေးသား ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာရေပိုင်နက်ထဲ ၀င်ရောက် ငါးဖမ်းသည့် ဘင်္ဂလာဒေ့ရှ် ၅ ဦး ရေထဲပစ်ချခံခဲ့ရဟုဆို မြန်မာရေပိုင်နက်ထဲ ၀င်ရောက် ငါးဖမ်းသည့် ဘင်္ဂလာဒေ့ရှ် ၅ ဦး ရေထဲပစ်ချခံခဲ့ရဟုဆို Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.