စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းနေထိုင်သူ တစ်ဦးထံမှ ဆေးခြောက် ၅၇၀၅ ဂရမ် ဖမ်းဆီးရမိ


နိရဉ္စရာ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းနေထိုင်သူ တစ်ဦးထံမှ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဆေးခြောက် ၅၇၀၅ ဂရမ်ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ဒါးပိုင် ဘင်္ဂါလီကယ်ဆယ်ရေးစခန်း အဆောင် (၁၉၆) အခန်း (၁) နေ မာမောက်ဟာဆွမ်း (၂၀) နှစ် (ဘ) ဦးမောင်နုဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

“ ဆေးခြောက်နဲ့ အတူ ဖမ်းမိသူဟာ စစ်တွေမြို့နယ်ရှိ ဒါးပိုင်(ဘင်္ဂါလီ) ကယ်ဆယ်ရေး စခန်းမှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ စစ်တွေမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ အဖွဲ့က စစ်တွေ-မှန်စီကားလမ်းသစ် မြေသားလမ်း ပေါ်မှာ ပီနံအိတ် အဖြူရောင် ထမ်းလာ သူကို မသင်္ကာလို့ရပ်တန့် ရှာဖွေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု ရဲက ပြောသည်။


မူးယစ်ဆေးဝါး သယ်ယူလာကြောင်း သတင်းရရှိဖမ်းမိခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့မ ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်ဖြစ်သော ရဲတပ်ကြပ်ကြီး မောင်မောင်သန်း ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့ တရားသီးစုရပ်ကွက် ရပ်မိရပ်ဖ ဦးမြင့်စိုး၊ မကျည်းမြိုင် ရပ်ကွက် ရပ်မိရပ်ဖ ဦးကျော်ကျော်တို့နှင့် အတူ စောင့်ဆိုင်းနေစဉ် ညနေ ၅ နာရီ ၃၀ ခန့်က ဒါးပိုင်ကျေးရွာမြောက်ဘက် စစ်တွေ-မှန်စီ ကားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပီနံအိတ်အတွင်းကနေ ဆေးခြောက်တွေ ထည့်ထားတဲ့ အထုပ်(၇)ထုပ်၊ အလေးချိန် ၅၇၀၅ ဂရမ်ရှိ ကာလတန်ဖိုး စုစုပေါင်း တန်ဖိုး ငွေကျပ်(၅၇)သိန်းကျော်ဖိုး ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

အဆိုပါမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူ မာမောက်ဟာဆွမ်းအား အပြစ်ပေး အရေးယူနိုင်ရန် စစ်တွေမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးခင်မောင်က စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

စံမောင်သန်း၊ ရန်ကုန်
Narinjara
https://www.facebook.com/Narinjara
စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းနေထိုင်သူ တစ်ဦးထံမှ ဆေးခြောက် ၅၇၀၅ ဂရမ် ဖမ်းဆီးရမိ စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းနေထိုင်သူ တစ်ဦးထံမှ ဆေးခြောက် ၅၇၀၅ ဂရမ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.