ဖုန်းဘီလ်များ ဖြတ်တောက်မှုအပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်


နေပြည်တော် ၊ နိုဝင်ဘာ ၂၃

တယ်လီဖုန်းအော်ပရေတာများထံမှ တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့် စပ်လျဉ်း၍ သုံးစွဲသူများ သိရှိနိုင်ရန်နှင့် အော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုများအပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးချက်ကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးချက်တွင် တယ်လီဖုန်းဘီလ် ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှု ရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တယ်လီဖုန်းအော်ပရေတာများသို့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ သတ်မှတ်ချထားပေးစဉ်ကတည်းက သတ်မှတ်ထားပြီး ဖြစ်ကြောင်း။ သုံးစွဲသူများအနေဖြင့် မိမိတို့၏ တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့် စပ်လျဉ်း၍ သိရှိလိုပါက သက်ဆိုင်ရာ တယ်လီဖုန်းအော်ပရေတာများထံ မိမိတို့ အသုံးပြုသည့် တယ်လီဖုန်း ဘီလ်စာရင်းအား လည်းကောင်း၊ ရှင်းလင်းမှု မရှိသည်များအားလည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနိုင်ကြောင်း။

အကယ်၍ တယ်လီဖုန်းအော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုများအား ကျေနပ်မှုမရှိပါက မိမိတို့၏ တယ်လီဖုန်းဘီလ်ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုမရှိဟု ယူဆသည့် တယ်လီဖုန်းသုံးစွဲမှု အချက်အလက်များ (ဥပမာ-ခေါ်ဆို အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် ဝန်ဆောင်မှုစသည်ဖြင့်) ဖော်ပြ၍ တယ်လီဖုန်းအော်ပရေတာများမှ မိမိတို့၏ အကြောင်းကြားမှုအပေါ် ရှင်းလင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ complaint@ptd.gov.mm သို့လည်းကောင်း ပေးပို့တိုင်ကြား နိုင်ကြောင်းနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုအပ်သလိုစိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဖုန်းဘီလ်များ ဖြတ်တောက်မှုအပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင် ဖုန်းဘီလ်များ ဖြတ်တောက်မှုအပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.