ဖော်မလင်သုံးစွဲထားသည့် တားမြစ်ပဲပြားများ ရောင်းချနေမှု ထပ်မံစစ်ဆေးတွေ့ရှိ


ဟင်္သာတ ၁၉ နိုဝင်ဘာ

ဟင်္သာတမြို့ပေါ်ရှိ ဈေးများအား ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေး ဦးစီးဌာနမှ နိုဝင်ဘာ ၁၇ ရက်က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ ဖော်မလင်သုံးစွဲထားသည့် ပဲပြားများ ရောင်းချနေသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ရှိ တာပေါ်ဈေး၊ ဝါးတန်းဈေးနှင့် ဌေးဝင်းဈေးတို့၌ ဈေးကွက်တွင်း ရောင်းချနေသည့် ပဲပြားနမူနာများ ကောက်ယူ၍ ပဒေသာဈေး ဈေးခေါင်းရုံးတွင် ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ယင်းအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖော်မလင်သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ပဲပြားများမှာ T အမှတ်တံဆိပ်၊ နံပါတ် 1 အမှတ်တံဆိပ်နှင့် အမှတ်အသားတံဆိပ် မပါရှိသော ပဲပြားများဖြစ်ပြီး ရောင်းချသူများထံမှ သိမ်းဆည်းခဲ့ကာ မြေမြှပ်ဖျက်စီးခဲ့ကြောင်း သိရသည်။

တားမြစ်ဓာတုဆေးဝါး ဖော်မလင် အသုံးပြုထုတ်လုပ်သည့် ပဲပြားများတွင် ဇူလိုင်လအတွင်းက ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် တားမြစ်ဆေး သုံးစွဲထားသောကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့် တစ်လပိတ်သိမ်းခံခဲ့ရဖူးသည့် ပဲပြားများပါဝင်နေပြီး ယခုတစ်ကြိမ်တွင် ယင်းအမှတ်တံဆိပ်များပါ ပဲပြားလုပ်ငန်းများအား ခြောက်လလုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကာ သတ်မှတ်ကာလတွင် ပြန်လည်လုပ်ကိုင်မှုများ ရှိလာပါက တရားစွဲဆိုမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပဲပြားလုပ်ငန်း လုပ်ကိုင်သည့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် ရပ်ကွက်နေပြည်သူများတွင် ပဲပြားထုတ်လုပ်ရာမှတစ်ဆင့် ထွက်ပေါ်လာသည့် ရေဆိုးအပုပ်အနံ့အသက်ဆိုးများ နေ့စဉ်ခံစားနေရမှုများလည်း ရှိကြောင်း ပဲပြားလုပ်ငန်းလုပ်ကိုင်သည့် ရပ်ကွက်နေ ပြည်သူအချို့ထံမှ ကြားသိရပြီး တားမြစ်ဓာတုဆေးဝါး ဖော်မလင်အသုံးပြု ထုပ်လုပ်ထားသည့် အစားအသောက်များကို စားသောက်မိပါက မိခင်ဝမ်းတွင်း သန္ဓေသားတွင် ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အခြား ဘေးထွက်ဆိုးကျိုးများပါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/pg/MyanmarDigitalNews/posts/
ဖော်မလင်သုံးစွဲထားသည့် တားမြစ်ပဲပြားများ ရောင်းချနေမှု ထပ်မံစစ်ဆေးတွေ့ရှိ ဖော်မလင်သုံးစွဲထားသည့် တားမြစ်ပဲပြားများ ရောင်းချနေမှု ထပ်မံစစ်ဆေးတွေ့ရှိ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.