တရားမဝင်ရောက်ရှိလာသော မလေးရှားနိုင်ငံသားအား လမ်းဘေးမှ ခိုးယူလာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ


တာချီလိတ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ တရားမဝင် ဝင်ရောက်လာသော မလေးရှား နိုင်ငံသား တစ်ဦးအား လမ်းဘေးတစ်နေရာမှ ခိုးယူလာသည့် ဆိုင်ကယ်နှင့်အတူ နိုဝင်ဘာ ၁ဝ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဖမ်းဆီးရမိသည်။

နိုဝင်ဘာ ၁ဝ ရက်နေ့ညနေပိုင်းတွင် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့ပေါ်ရပ် ကွက်များတွင် လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရုံးအနီး၊ ပုံလို့လမ်းမပေါ်တွင် ဗိုလ်ချုပ်လမ်းမကြီးဘက်မှ လွယ်စတုံဘက်သို့ Honda Waveဆိုက်ကယ်ဖြင့် မောင်းနှင်လာသော အမျိုးသား တစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးမေးမြန်းရာ တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသား Mr.Tam Weng Kitဆိုသူဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် လမ်းဘေး တစ်နေရာရာမှ ဆိုင်ကယ်အား ခိုးယူလာသည်ဟု မသင်္ကာ၍ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အဆိုပါ မလေးရှားနိုင်ငံသားအား မြို့နယ်လဝကမှ တာဝန်ရှိသူများဖြင့် စစ်ဆေးရာ တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျဘမ်းလုပ်ကိုင်ရာမှ နိုဝင်ဘာ ၁ဝ ရက်နေ့နံနက်ပိုင်းက ဘန်ကောက်မြို့မှ မယ်ဆိုင်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ရေချောင်းအား ဖြတ်ကူးလာပြီး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်မပါရှိဘဲ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုမှ ဆိုင်ကယ်အား လမ်းဘေးတစ်နေရာမှ ခိုးယူလာသည့် တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသားMr.Tam Weng Kit (၃၂ နှစ်)၊ အလောစီတားမြို့၊အလောစီတား ပြည်နယ်၊ မလေးရှားနိုင်ငံနေသူအား တာချီလိတ်မြို့မရဲစခန်းက နိုဝင်ဘာ ၁ဝ ရက်နေ့ည ၇ နာရီ ၂ဝ မိနစ်အချိန် တွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရားမဝင်ရောက်ရှိလာသော မလေးရှားနိုင်ငံသားအား လမ်းဘေးမှ ခိုးယူလာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ တရားမဝင်ရောက်ရှိလာသော မလေးရှားနိုင်ငံသားအား လမ်းဘေးမှ ခိုးယူလာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.