နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ အရပ်ဖက်အဖွဲ့တွေ တွေ့ခွင့်တောင်း

မကွေးတိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးပွဲတစ်ခုကို ၂၀၁၆ ခုနှစ်ကတွေ့ရစဉ်/ Photo: RFA
မကြာခင် ကျင်းပမယ့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့ ၂၀ကျော်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်တောင်း ထားပါတယ်။

ရပ်ကျေးရွေးကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စောင့်ကြည့်လေ့လာရေးတွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခွင့် တောင်းဆိုထားတာဖြစ်တယ်လို့ ရပ်ကျေးပူးပေါင်းအဖွဲ့မှာပါဝင်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက မသဉ္ဖာရွှန်းလဲ့ရည်က ပြောပါတယ်။

"လက်ရှိဒီသတင်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ၊ ဒီသတင်းအပေါ်မှာ ထပ်မံညွှန်ကြားချက်တွေ ကျမတို့ မတွေ့ရသေးဘူး။ ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးကြားထဲမှာလည်း အချိတ်အဆက်တွေရှိလား၊ ဘယ်လိုမျိုးဆက်ဆံ ဆောင်ရွက်နေကြသလဲ၊ ပြည်သူတွေသိလိုတဲ့ သတင်းအချက်လက်တွေ၊ သူတို့မေးခွန်းတွေ၊ သူတို့စိုးရိမ်ချက်တွေရှိတယ်။ ဒါတွေ ကျမ စုစည်းပြီးတော့ တွေ့ခွင့်ရတဲ့အခါကျရင် တင်ပြဖို့အတွက် အဓိကရည်ရွယ်တယ်။ ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်က အထွေထွေရွေးကောက်ပွဲကြီးလို မဟုတ်ဘူး။ ဘယ်လိုပုံစံမျိုးနဲ့ သူတို့ခွင့်ပြုပေးလို့ ရနိုင်သလဲ။ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ကျမတို့ တောင်းဆိုထားတာဖြစ်ပါတယ်"

အဲဒီဝန်ကြီးဌာန ၂ ခုနဲ့ တွေ့ဆုံခွင့်ရဖို့ နိုဝင်ဘာ ၉ ရက်နေ့က တင်ပြထားတာဖြစ်တယ်လို့ ပြောပါတယ်။

ရပ်ကျေးရွေးကောက်ပွဲတွေ ပြန်ကျင်းပမယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အဲဒီရွေးကောက်ပွဲတွေကို ဘယ်အချိန်မှာလုပ်မှာလဲ၊ ဘာလို့ အုပ်ချုပ်ရေးမှူးအသစ်တွေ ပြန်ရွေးခံရမှာလဲဆိုတာတွေက  အများပြည်သူကြားမှာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီမေးခွန်းတွေကိုလည်း ၀န်ကြီးဌာန ၂ ခုနဲ့ တွေ့ဆုံခွင့်ရရင် မေးမြန်းသွားမှာဖြစ်ပြီး ရရှိလာတဲ့ အဖြေတွေကိုလည်း ပြန်ဖြန့်ပေးသွားမယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒီလကစပြီး ၅ လအတွင်း ပြန်လည်ရွေးချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက ဒီလဆန်းမှာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီတုန်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းဟာ လွှတ်တော်သက်တမ်းနဲ့အညီ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်းထားရှိဖို့ ဥပဒေကို ပြင်ဆင်လိုက်တာကြောင့် အစိုးရအသစ်တက်ချိန်မှာ ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ အရပ်ဖက်အဖွဲ့တွေ တွေ့ခွင့်တောင်း နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ အရပ်ဖက်အဖွဲ့တွေ တွေ့ခွင့်တောင်း Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.