လှိုင် ၃ လောင်းပြိုင် လူသတ်လုယက်မှုမှ သက်သေခံပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော လူသတ်၊ လုယက်မှုမှ သက်သေခံရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများ ထပ်မံသိမ်းဆည်း ရရှိကြောင်း အသိပေးဖော်ပြခြင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၆

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လူသတ်၊ လုယက်မှုမှ ပြစ်မှုကျူးလွန်သူ ဇွဲလင်းထက်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ သေဆုံးသူ မကေသီလှိုင် နေအိမ်မှ ယူဆောင်သွားသော သက်သေခံ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင် တယ်လီဖုန်းများ ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။


ဇွဲလင်းထက်၏ဇနီး မခင်ခင်ဖြိုးထံမှ အမှုဖြင့်သိမ်းဆည်းထားရှိသော RAV-4 မော်တော်ယာဉ် သော့နှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာ အဆိုပါသော့မှာ သေဆုံးသူ မကေသီလှိုင်၏ နေအိမ်ရှေ့တွင် ရပ်ထားသော 2J----- RAV-4 မော်တော်ယာဉ်၏ သော့ဖြစ်ပြီး RAV-4 မော်တော်ယာဉ်မှာ
ဇွဲလင်းထက် ယူဆောင်သွားခြင်း မရှိဘဲ ၎င်းမော်တော်ယာဉ်သော့ကိုသာ ယူဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖော်ထုတ် စစ်ဆေးခဲ့ရာ သေဆုံးသူ မကေသီလှိုင် နေအိမ်မှ ယူဆောင်သွားသော ရွှေထည်ပစ္စည်း မျိုးစုံကို ဇွဲလင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ရီတင်မှ ရွှေပြည်သာမြို့နယ်အတွင်းရှိ ရွှေဆိုင်နှင့် အပေါင်ဆိုင်များတွင် ရောင်းချပေါင်နှံထားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အဆိုပါ ရွှေထည်ပစ္စည်းများကို ရောင်းချပေါင်နှံထားသော နေရာများမှ ထပ်မံသိမ်းဆည်းရမိခဲ့သည့် အပြင် သေဆုံးသူ မကေသီလှိုင် ကိုင်ဆောင်သော i phone အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ Mi အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးနှင့် Power Bank (၂)ခုတို့ကိုလည်း ဇွဲလင်းထက် ၏ဇနီး မခင်ခင်ဖြိုးထံမှ ထပ်မံသိမ်းဆည်း ရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တစ်စိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ပြစ်မှုကျူးလွန်သူအား အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့်အပြင် အမှုမှသက်သေခံပစ္စည်းများကိုလည်း ပြန်လည် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အမှုနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိပါကလည်း ဆက်လက်အသိပေး ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လှိုင် ၃ လောင်းပြိုင် လူသတ်လုယက်မှုမှ သက်သေခံပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ လှိုင် ၃ လောင်းပြိုင် လူသတ်လုယက်မှုမှ သက်သေခံပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.