တကသ အဆောက်အဦးကိစ္စ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ ထုတ်ပြန်ချက်ကို သုံးရောင်ခြယ် ကန့်ကွက်

သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က ဦးစောနေ၀င်းကို တွေ့ရစဉ်။ Photo: Htet Arkar/ RFA
မူလကျောင်းသားသမဂ္ဂအဆောက်အဦးနေရာမှာ မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခြင်းမပြုဖို့ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ စုပေါင်းထုတ်ပြန်တဲ့ သဘောထားကြေညာချက်ကို သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံမှာ ကျင်းပတဲ့ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦးဆိုင်ရာဆွေးနွေးပွဲမှာ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က ဦးစောနေ၀င်းက အခုလိုကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရှစ်လေးလုံးမျိုးဆက်(ပြည်ပ)၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ၊ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER စတဲ့ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ဟာ ကျောင်းသားသမဂ္ဂများ တရားဝင်တည်ရှိခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့်၊ ကျောင်းသားသမဂ္ဂနဲ့ စင်ပြိုင်သဘောဆောင်တဲ့ ဘယ်ကျောင်းသားအဖွဲ့အစည်းကိုမှ ဖွဲ့စည်းခွင့်မပြုဖို့၊ တက္ကသိုလ် ကောလိပ် သိပ္ပံတွေမှာ ကျောင်းပဋိဥာဉ် ရေးဆွဲရေးမှာ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့၊ သမဂ္ဂတွေ ဖွဲ့စည်းခွင့်မူဝါဒတွေကို တရားဝင်ထုတ်ပြန်ပြီးမှ တကသ အဆောက်အဦးဆောက်လုပ်တဲ့ လုပ်ငန်းစဉ်ကို စတင်ဖို့ စတဲ့ အချက်တွေကို မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခေတ်အဆက်ဆက် ကျောင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပြီး သမဂ္ဂတွေ တရားဝင် တည်ရှိခွင့်ရရှိရေးနဲ့ တကသ အဆောက်အဦးတည်ဆောက်ရေးအပေါ် ကျောင်းသားအဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ သဘောထားတွေကို ဒီနေ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးချက်တွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရထံတင်ပြသွားမှာဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂတည်ဆောက်ဖို့အတွက် အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေသူတွေဟာ စစ်အစိုးရနဲ့ အတူတူပဲလို့ ၁၉၆၂ ခုနှစ်ကျောင်းသားအဖွဲ့က ဒီနေ့ ပြောခဲ့ပါတယ်။

တကသ အဆောက်အဦးတည်ဆောက်ရေးအတွက် အစိုးရက လက်သင့်တဲ့ ကျောင်းသားအဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံမှုအပေါ် အခြေခံပညာကျောင်းသားများသမဂ္ဂက ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ဆွေးနွေးပွဲတက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။

ကျောင်းသားသမဂ္ဂ အဆောက်အုံတည်ဆောက်ဖို့အတွက် အစိုးရကမြန်မာငွေကျပ် ၅ဘီလီယံ ဘတ်ဂျက်ချပေးထားပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦးဆိုင်ရာဆွေးနွေးပွဲဟာ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တကသ အဆောက်အဦးကိစ္စ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ ထုတ်ပြန်ချက်ကို သုံးရောင်ခြယ် ကန့်ကွက် တကသ အဆောက်အဦးကိစ္စ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ ထုတ်ပြန်ချက်ကို သုံးရောင်ခြယ် ကန့်ကွက် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.