အိန္ဒိယနယ်စပ် မောင်ဘုဆွာရွာသို့ ရခိုင်ကျေးရွာသား ၁၄၀၀ ကျော် ခိုလုံရောက်ရှိ

(ထွက်ပြေးရောက်ရှိလာကြသည့် ကျေးရွာသားများကိုတွေ့ရစဉ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

အိန္ဒိယနိုင်ငံအတွင်းရှိ နယ်စပ်ကျေးရွာ မောင်ဘုဆွာရွာ( ရခိုင်ရွာသစ်) သို့ ပလက်ဝမြို့နယ် ကုလားတန် အထက်ပိုင်းမှ ရခိုင်လူမျိုး ၁၄၀၀ ကျော် ရောက်ရှိ ခိုလုံလာသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ကျေးရွာ ၇ ရွာမှ ရွာသားများ ဖြစ်ကြပြီး နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်ကြသည်ဟု လူမှုရေး ဆောင်ရွက်နေသူ ခိုင်မင်းသိန်းက ပြောသည်။

ရောက်ရှိလာကြသည့် ဒုက္ခသည်များမှာ ပညောဝ (ပညဝ) ရွာ အိမ်ခြေ ၄၀/လူဦးရေ ၁၁၀၊ အောက်ဖွေ လက်ဝရွာ အိမ်ခြေ ၃၀/ လူဦးရေ ၈၀၊အထက်ဖွေလက်ဝ အိမ်ခြေ ၈၀/ လူဦးရေ ၂၆၀၊ ပကာဝရွာ အိမ်ခြေ ၄၀/ လူဦးရေ ၈၀၊ ငွေလက်ဝရွာ အိမ်ခြေ ၉၀/ လူဦးရေ ၂၈၀၊ စတင်ဝရွာ အိမ်ခြေ ၁၃/ လူဦးရေ ၅၀၊ မြိတ်ဝရွာ အိမ်ခြေ ၁၆၈/ လူဦးရေ ၅၆၀ တို့ဖြစ်ကြောင်း သိရသည်။

“ လောလောဆယ်တော့ မိသားစု တစ်စုကို ဆန် ၇ဗူး၊ ပဲသီး ၇ တောင့်ဘဲ ကူညီနိုင်ပါသေးတယ်။ အခုလို ထွက်ပြေးလာကြတော့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတာက စားဝတ်နေရေးဘဲ ဖြစ်ပါတယ်” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

(ထွက်ပြေးရောက်ရှိလာကြသည့် ကျေးရွာသားများကိုတွေ့ရစဉ်)
နိုဝင်ဘာလ ၂၅ ရက်နေ့က အိန္ဒိယနယ်စပ်အနီးရှိ မြန်မာဘက်မှ ရခိုင်မြိတ်ဝရွာအနီးရှိ ရက္ခိုင်တပ်မတော် (အေအေ) ခြေကုပ် ယူထားသည့် ယူဆရသည့် နေရာများအား မြန်မာတပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုအခါ အိန္ဒိယ စစ်တပ်မှလည်း နယ်စပ် တစ်လျှောက်တွင် တပ်အင်အားဖြည့်တင်းထားပြီး နယ်စပ်တစ်လျှောက်ကင်းလှည့်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ခိုလုံရန် ထွက်ပြေးရောက်ရှိလာကြသည့် ရခိုင်လူမျိုးများအား အိန္ဒိယ အစိုးရမှ တစ်စုံတစ်ရာ ဟန့်တားမှုများ မရှိကြောင်း၊ သူတို့နိုင်ငံထဲကို ၀င်ရောက်ခွင့် ပြုထားကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
အိန္ဒိယနယ်စပ် မောင်ဘုဆွာရွာသို့ ရခိုင်ကျေးရွာသား ၁၄၀၀ ကျော် ခိုလုံရောက်ရှိ အိန္ဒိယနယ်စပ် မောင်ဘုဆွာရွာသို့ ရခိုင်ကျေးရွာသား ၁၄၀၀ ကျော် ခိုလုံရောက်ရှိ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.