AA နှင့် တပ်မတော်ကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ရှိပြီဟုဆို


ခိုနူမ်းသုန်သတင်း၊ ၂၆ နိုဝင်ဘာ ၂၀၁၇

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ချင်းပြည်နယ်မှ ပြည်သူ ၁၂၄၀ ဦးရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးကပြောသည်။

မီိဇိုရမ်တောင်ပိုင်း လောင်တလိုင်မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများကူညီ ထောက်ပံ့နိုင်ရေးအတွက် လောင်တလိုင်မြို့မှ အစိုးရတာဝန်ရှိသူများကို ယမန်နေ့က စစ်ဘေးရှောင်ပြည်သူများထံ စေလွတ်ကြောင်း၊ အိန္ဒိယဗဟိုအစိုးရ နိုင်ငံခြားရေးရာဝန်ကြီးထံသို့လည်း အကြောင်းကြားထားပြီးဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေး ၀န်ကြီး Pu R.Lalzirliana က ပြောဆိုကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ယခုလက်ရှိတွင် လောင်တလိုင်မြို့နယ် Zochachhuah ကျေးရွာတွင် စစ်ရှောင်အယောက် ၄၂၀၊ Laitlang ကျေးရွာတွင် ၅၀၀၊ Dumzautlang ကျေးရွာတွင် ၁၂၀ နှင့် Hmawngchhuah ကျေးရွာတွင် အယောက် ၂၀၀ စစ်ဘေးတိမ်းရှောင်နေကြ သည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် ရိုဟင်ဂျာ မူဆလင်များမဟုတ်ကြောင်း ဇို(ချင်း)မျိုးနွယ်စုများသာဖြစ်ကြသည်ဟု ၀န်ကြီးကပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်းပြည်သူများ ဘေးကင်းလုံခြုံစွာနေထိုင်ရေးအတွက် မီဇိုရမ်အစိုးရအနေဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအပြင် ကျန်းမာရေးပိုင်းကိုလည်း ကြည့်ရှူစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

AA နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲကြောင့် အရပ်သား ၂ သေဆုံးပြီး ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာနှင့်အနီးတ၀ိုက်ရှိ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် ရှင်းလက်ဝကျေးရွာဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ယခု မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်ကြသူများသည် ပလက်ဝမြို့နယ် မည်သည့်ကျေးရွာများမှဖြစ်သည်ကိုမူ မသိရသေးပေ။

လောင်တလိုင်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းမကြီးအနီး Zochachhuah ကျေးရွာနှင့်မလှမ်းမကမ်း မြန်မာဘက်ခြမ်း Varang ဒေသတ၀ိုက်တွင် သေနတ်သံ၊ လက်နက် ကြီးသံများ ယမန်နေ့အထိ ကြားနေရဆဲဖြစ်သည်ဟု သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
AA နှင့် တပ်မတော်ကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ရှိပြီဟုဆို  AA နှင့် တပ်မတော်ကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ရှိပြီဟုဆို Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.