မင်းတုန်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ရိုက်နှက်သဖြင့် ဇနီးဖြစ်သူ သွေးထွက်လွန်သေဆုံး


မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ခင်ပွန်းဖြစ်သူက ရိုက်သဖြင့် ဇနီးဖြစ်သူ သေဆုံးသွားသောကြောင့် လူသတ်မှုဖြင့် မင်းတုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတုန်းမြို့နယ် ကြို့ကုန်းကျေးရွာနေ ကွန်းဇော်ဆိုသူက အောက်တိုဘာ(၁၈)ရက်၊ နေ့ လည် (၁၂)နာရီခွဲခန့်တွင် ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဝါးတုတ်ဖြင့် ရိုက်နှက်ပြီး ငါးကြင်းဖန်ခွက်ဖြင့် ပစ်ပေါက်သဖြင့် ဇနီးဖြစ်သူ မသူဇာထွေး၏ ဝဲဘက်ဦးခေါင်း၊ နားရွက်၊ ယာပေါင်နှင့် ဝဲလက်ဖျံတို့တွင် ဒဏ်ရာအသီးသီးရရှိသွားရာ မသူဇာထွေးက ယောင်းမတော်စပ်သူ၏ နေအိမ်သို့ သွားရောက် အကူအညီတောင်းစဉ် နေအိမ်ခြံဝင်းအတွင်း သွေးထွက်လွန် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


"သူတို့လင်မယားက ဒီလိုပဲ မကြာခဏ စကားများရန်ဖြစ်ကြလေ့ရှိတာကြောင့် ပတ်ဝန်းကျင်ကလည်း ဒီလိုနဲ့ ပြီးသွားကြမှာပါလေဆိုပြီး နေနေကြတာ။ ဒီတစ်ခါမှာတော့ လက်လွန်ခြေလွန်တွေဖြစ်ပြီး လူသေတဲ့ထိ ဖြစ်သွားရတာပါ။ ကျွန်တော် တရားလိုလုပ်ပြီး စခန်းမှာ အမှုဖွင့်ထားပါတယ်" ဟု ကြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကွန်းဇော်အား မင်းတုန်းမြို့မရဲစခန်းတွင် (ပ)၁၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - ရဲစခန်း
Tachileik News Agency
http://www.tachileik.net
မင်းတုန်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ရိုက်နှက်သဖြင့် ဇနီးဖြစ်သူ သွေးထွက်လွန်သေဆုံး မင်းတုန်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ရိုက်နှက်သဖြင့် ဇနီးဖြစ်သူ သွေးထွက်လွန်သေဆုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.