ဒေါ်အောင်ဆန်းစုကြည်နှင့် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် တွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၁၁။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရကတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)ကို အခြေခံ၍ ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းရင်းသားနယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်တို့ အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်နှင့်အတူ အတွင်းရေးမှူး (၃) ဦးစိုင်းငင်း၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးစိုင်းမိဏ်း၊ PMC မှ ဦးစိုင်းလျဲန်း၊ ရုံးအဖွဲ့မှ ဦးခမ်းစံနှင့် ဦးဟောင်ခမ်းတို့ တက်ရောက်ကြသည်။

Ref;Myanmar State Counsellor Office
Central News Myanmar
https://www.facebook.com/CNMyanmar/
ဒေါ်အောင်ဆန်းစုကြည်နှင့် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် တွေ့ဆုံ ဒေါ်အောင်ဆန်းစုကြည်နှင့် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် တွေ့ဆုံ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.