တောင်တွင်းကြီးမြို့မှာ လုံခြုံရေးစည်းအပြည့်ချထား

ပုံစာ - စက်တာဘာလ(၁၁)ရက် မနက်ပိုင်းက တောင်တွင်းကြီးမြို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုနေပုံ
စက်တင်ဘာလ (၁၀)ရက် မနေ့ညက ဖြစ်ပွားခဲ့တဲ့ တောင်တွင်းကြီးမြို့ ဖြစ်စဉ်ကြောင့် မြို့တွင်းမှာ လုံခြုံရေးစည်း အပြည့်ယူထားတယ်လို့ သိရပါတယ်။ မြို့တွင်းက ဗလီတွေ၊ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ ရပ်ကွက်တစ်ဝိုက်မှာ လုံခြုံရေးအပြည့်ယူထားပြီး ကွန်ရက်ချိတ်ကာ
စောင့်ကြပ်မှုတွေ လုပ်ထားတယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်းက ပြောပါတယ်။


 ဒါ့အပြင် မလိုလားအပ်တဲ့ ဆူပူမှုတွေ မဖြစ်စေဖို့ အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်နေသလို မြို့ခံပြည်သူတွေကိုလည်း တည်ငြိမ်အေးချမ်းမှုမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ မနေ့ညက ဖြစ်စဉ်ကြောင့် တောင်တွင်းကြီးမြို့တွင်းမှာ ကြီးကြီးမားမားလှုပ်ခတ်မှုမရှိဘဲ ဒီနေ့မှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှား မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မြို့နယ်တာဝန်ရှိ သူတွေနဲ့ လာရောက်တွေ့ဆုံကာ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး ညွှန်ကြားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 မနေ့ညက တောင်တွင်းကြီးမြို့နယ် အုန်းတော (၁)ရပ်ကွက်က ဆိုင်နဲ့ နေအိမ်အချို့ကို ခဲနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် အဲဒီဗလီနားမှာပဲ လေးခွနဲ့ ကျောက်ခဲတွေကိုင်ဆောင်လာတဲ့ လူ(၇၀)လောက်နဲ့ လာရောက်ကြည့်ရှုသူ (၄၀၀)လောက် စုဝေးရောက်ရှိခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက လူစုခွဲခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ပါဝင်တဲ့သူတစ်ဦးကိုလည်း ဖမ်းဆီးရမိထားပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို မကျေနပ်တာကြောင့် လုပ်ဆောင်တာဖြစ်တယ်လို့ သိရှိရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သိရပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
တောင်တွင်းကြီးမြို့မှာ လုံခြုံရေးစည်းအပြည့်ချထား တောင်တွင်းကြီးမြို့မှာ လုံခြုံရေးစည်းအပြည့်ချထား Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.