မရမ်းကုန်းမြို့နယ် Farmer Money Changerတွင် လုယက်ရန်ကြံစည်ကာ သေနတ်ပစ်ဖောက်ထွက်ပြေးသူနှစ်ဦးနှင့် ဆက်စပ်ပါဝင်သူများဖမ်းမိ


ရန်ကုန် စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ Farmer Money Changer ဆိုင်၌ သြဂုတ် ၅ ရက် နံနက် ၈ နာရီ ခွဲခန့်က အမျိုးသားနှစ်ဦးက လုယက်ရန် အကြံအစည်ဖြင့် သေနတ်ပစ်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားရာ မြို့ခံ ပြည်သူများ အထူးစိတ်ဝင်စားခဲ့ကြသည်။အဆိုပါအမှုအား ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏တိုက်ရိုက်ကွပ်ကဲညွှန်ကြား မှုဖြင့် ရဲတပ်ဖွဲ့ဝင်တို့၏ ကြိုးစားဖော်ထုတ် မှုကြောင့် စက်တင်ဘာ ၅ ရက်တွင် ပြစ်မှု ကျူးလွန်သူနှစ်ဦးနှင့်အတူ သေနတ် ဝယ်ယူပေးသူနှစ်ဦးကိုလည်း ရက် ၃ဝ အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ဖော်ထုတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အထူးအမှုစစ်အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အခင်း ဖြစ်ပွားရာနေရာသို့ ထိုအဖွဲ့က သွားရောက် စစ်ဆေးရာ သဲလွန်စအထောက်အထား အဖြစ် ၇.၆၅ ကျည်ခွံတစ်ခု၊ ကျည်ထိပ်ဖူး တစ်ခုနှင့် အသံတိတ်ကိရိယာတစ်ခု၊ ကျည်ဆန်ထိမှန်ထားသော ပန်းချီ ကားချပ်ပုံတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်း ခဲ့ပြီး ပြစ်မှုကျူးလွန်သူတို့၏ CCTV မှတ်တမ်းတို့ကို ယူဆောင်စစ်ဆေး ခဲ့သည်။ ပစ္စတို သေနတ် ကျည်ခွံဖြစ်သောကြောင့် တပ်မတော်သုံးသေနတ် အဖြစ် သတင်း မီဒီယာနှင့် ပြည်သူအချို့က သံသယဝင် ခဲ့ကြသည်။

သြဂုတ် ၆ ရက် ညနေ ၄နာရီခွဲ ခန့်တွင် ကမာရွတ်မြို့နယ်စည်ပင်သာယာ ဝန်ထမ်းနှစ်ဦးက အင်းလျားကန်ပေါင် အနောက်ဘက် ကျွန်းတောစပ်ရှိ အမှိုက်ပုံးအတွင်းမှ အမှိုက်များကို စည်ပင်ကားပေါ်သို့တင်ဆောင်စဉ် အနက် ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် အထုပ်နှစ်ထုပ်ကို မသင်္ကာကြောင်း ရဲတပ်ဖွဲ့သို့အကြောင်းကြား၍ သွားရောက် စစ်ဆေးသောအခါ ၉ မီလီမီတာ ကေတံဆိပ်ပါ ၉ မမစတင်းကျည် တစ်တောင့်၊ B 13 S & B တံဆိပ် ပါ ကျည်တစ်တောင့်အပါအဝင် ပစ္စည်း ၁၆ မျိုးကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

ဖြစ်စဉ်နေရာတွင် ပြစ်မှုကျူးလွန်သူ တို့ကို ခြေရာခံမိရာ ကျူးလွန်သူနှစ်ဦးမှာ လှည်းကူးမြို့နယ်တွင် နေထိုင်သော ပြည့်ဖြိုးသူ (ခ) ပြည့်သူ (၂၆ နှစ်) ဖြစ်ကြောင်း စုံစမ်းရရှိခဲ့သည်။ ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေးတိမ်းရှောင် သွား၍ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော ဆိုင်ကယ်နှင့် ဦးထုပ်တို့ကို သိမ်းဆည်း ခဲ့ပြီး ထွက်ပြေးသွားသော ပြည့်ဖြိုးသူမှာ ကချင်ပြည်နယ် ဖားကန့်သို့ရောက်ရှိနေ ကြောင်းသိရ၍ လိုက်လံဖမ်းဆီးရာ သြဂုတ် ၃ဝ ရက် နံနက် ၁ဝ နာရီခွဲ တွင် ဖားကန့် ဆိပ်မူကျေးရွာအုပ်စု (ဆိုင်းတောင်) ဘစံချောင်းကျေးရွာရှိ တစ်သုံးလုံးကုမ္ပဏီ၏ ရေမဆေးရှာသော နေရာတဲတန်းတွင် ဖမ်းဆီးရမိခဲ့သည်။

၎င်း၏ထွက်ဆိုချက်အရ ပြစ်မှုအတူ ကျူးလွန်သူ ကျော်ကျော်ခိုင်မှာ မကွေး မြို့တွင်ရောက်ရှိနေကြောင်း စုံစမ်းသိရှိ၍ စောင့်ဆိုင်းဖမ်းဆီးရာ စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မကွေးမြို့ အဝေးပြေးကားဝင်းအတွင်း၌ ဖမ်းဆီးရမိ ခဲ့သည်။ ပြည့်ဖြိုး (ခ) ကိုပြည့်နှင့် ကျော်ကျော်ခိုင် (ခ) ကျော်ခိုင် (ခ)ကောင်းကောင်းတို့၏ ဖော်ထုတ်ချက်အရ ၄င်းတို့အသုံးပြုသော သေနတ်မှာ ဇူလိုင် ၂၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဝဲကျွန်းညောင်ရမ်း တောင်ရပ်ကွက်၌နေထိုင်သော စောမြတ် သူ(ခ) မြတ်သူနှင့်ဆက်သွယ်၍ ဂျာမနီ နိုင်ငံထုတ် WAITHER စတီး အနက်ရောင်စပ် ပစ္စတိုသေနတ်တစ်လက် နှင့် ကျည် ၁၄ တောင့်ကို ထိုင်းဘတ်ငွေ ၃၂ဝဝဝ (မြန်မာ$ငွေကျပ် ၁၃ သိန်း ရှစ်သောင်း) ဖြင့်ဝယ်ယူခဲ့ပြီး သေနတ် အသံမမြည်စေရန် facebook မှ ကူးယူထားသော အသံတိတ်ကိရိယာ ပြုလုပ်နည်းပုံစံအတိုင်း သံပိုက်ဖြင့်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ရခြင်းမှာ ပြည့်ဖြိုးသူ (ခ)ပြည့်သူမှာ နယ်စပ်တွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဝယ်ယူရန် ငွေကြေးလိုအပ်နေခြင်းနှင့် ကျော်ကျော် ခိုင်(ခ) ကောင်းကောင်းမှာလည်း ဖဲလောင်းကစားရာမှ ဖဲကြွေး ၁၂၅ သိန်း ပေးဆပ်ရန်ရှိသဖြင့် နှစ်ဦးပူးပေါင်းကာFarmer Money Changerဆိုင်မှ ငွေများကို လုယက်ရန်ကြံစည်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော အထူးအမှုစစ် အဖွဲ့ဝင်များက ထွက်ပြေးပြစ်မှု ကျူးလွန်သူ များကို ဖားကန့်နှင့် မကွေးတွင် ဖမ်းဆီး နိုင်ခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သော လက်လုပ်အသံတိတ်ကိရိယာ တပ်ဆင် လျက် စတီး အနက်ရောင်စပ် .၃၂ ပစ္စတို သေနတ်တစ်လက်နှင့် ယင်းကျည်အိမ် တစ်ခု၊ ၇.၆၅ ကျည်လေးတောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါသေနတ် ကိုဝယ်ယူပေးခဲ့သော စောမြတ်သူ(ခ)မြတ်သူ (၂၇ နှစ်)နှင့် မင်းမင်းဟန် (ခ)မင်းဟန် (၃၆ နှစ်)တို့ကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ပြည့်ဖြိုးသူ (ခ) ပြည့်သူ နေအိမ်တွင် သိုဝှက်ထားသော ၉ မမကျည် ၁၃ တောင့်ကို သိမ်းဆည်း ခဲ့ကြောင်း သိရ သည်။

''ဒီဖြစ်စဉ်ကို အများပြည်သူနဲ့ မီဒီ ယာတွေ စိတ်ဝင်စားသလို လုံခြုံရေး အပိုင်းမှာလည်း စိန်ခေါ်မှုတစ်ရပ်လို ပြည်သူနဲ့ ရဲတပ်ဖွဲ့က ကောက်ချက်ချ ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တိုက်ရိုက်ကိုင်တွယ်ခဲ့ရတဲ့ အမှုလည်းဖြစ်တယ်။ စစ်ဆေးသင့်တဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးပြီး အမှုနောက်ကို တစိုက် မတ်မတ်နဲ့ ဖော်ထုတ်ခဲ့တာပါ။ အင်းလျား ကန်ပေါင်မှာ တွေ့ခဲ့တဲ့သဲလွန်စကနေ တောက်လျှောက်စုံစမ်းဖော်ထုတ်နိုင်ခဲ့ တဲ့အတွက် သြဂုတ် ၅ ရက်ကနေ စက်တင်ဘာ ၄ ရက်၊ တစ်လအတွင်း ဖမ်းဆီးနိုင်ခဲ့တာပါ။ ပြည်သူတွေစိတ်ဝင် စားသလို နိုင်ငံတော်အနေနဲ့လည်း လုံခြုံရေးပိုင်းဆိုင်ရာအရ စိတ်ဝင်စားတဲ့ အမှုပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေနဲ့ ကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်း ပြောကြား လိုပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို မရမ်းကုန်းမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

သတင်း-သန်းထိုက် (လှိုင်သာယာ)
ဓာတ်ပုံ-သန်းစိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မရမ်းကုန်းမြို့နယ် Farmer Money Changerတွင် လုယက်ရန်ကြံစည်ကာ သေနတ်ပစ်ဖောက်ထွက်ပြေးသူနှစ်ဦးနှင့် ဆက်စပ်ပါဝင်သူများဖမ်းမိ မရမ်းကုန်းမြို့နယ် Farmer Money Changerတွင် လုယက်ရန်ကြံစည်ကာ သေနတ်ပစ်ဖောက်ထွက်ပြေးသူနှစ်ဦးနှင့် ဆက်စပ်ပါဝင်သူများဖမ်းမိ Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.