စစ်ကိုင်းတိုင်းဒေသကြီး အတွင်းH1N1ရောဂါ ကူးစက်ခံရသူ နှစ်ဦးတွေ့ တစ်ဦးသေဆုံး


မုံရွာ၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း H1H1 ရောဂါ ကူးစက်ခံရသူ နှစ်ဦး စစ်ဆေးတွေ့ရှိရာ ဆားလင်းကြီးမြို့နယ် မြေဇွန်းရွာနေထိုင်သူ တစ်ဦး သေဆုံးခဲ့ပြီး ရွှေဘိုမြို့ အောင်ချမ်းသာရပ်ကွက်၌ နေထိုင်သော အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာမန္တလေးအထွေထွေရောဂါကုသရေး ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြေဇွန်းကျေးရွာနေထိုင်သူ အသက် ၆၆ နှစ် အရွယ်ဦးသန်းဆိုသူမှာသြဂုတ်၅ရက်က မန္တလေးအထွေအထွေရောဂါကုသရေး ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း သြဂုတ်လ ၈ ရက်တွင် H1N1 ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ဆားလင်းကြီးမြို့နယ်က လူနာတစ်ယောက်ကတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ဆုံးသွားတယ်။
အသက်က ၆၆ နှစ် လူနာနာမည်က ဦးသန်းတဲ့ တို့ဆီတော့ မတက်ခဲ့ပါဘူး ပြင်ပ ပုပ္ပလိကဆေးရုံဖြစ်တဲ့ ရွှေတော်ဝင်မှာ တက်ပြီးတော့ မန္တလေးကိုလွှဲလိုက်တယ် ၈ ရက်နေ့က ဆုံးသွားတယ်။ ရွှေဘိုမြို့ အောင်ချမ်းသာရပ်ကွက်က တစ်ယောက်တော့ အမျိုးသမီးပေါ့ မခင်မြနွယ် အသက်က ၃၆ နှစ်သူလဲ H1N1 တွေ့တာပေါ့ မန္တလေးဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူနေဆဲပါ။"ဟု စစ်ကိုင်းတိုင်းဒေသကြီးဆေးကု သရေးဦးစီးဌာန တိုင်းကုသရေးဦးစီးမှူး ဒေါက်တာအေးငြိမ်းက ပြောသည်။

ဆက်လက်ပြီး H1N1ရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနှင့် အလွန်အမင်း မစိုးရိမ်ကြရန်နှင့်သံသယရှိနေပါက မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းများ ပြုလုပ်လျက်ရှိရာ လမ်းတွင် မလိုလားအပ်သောရောဂါပိုးများ ဖြန့်ဝေသလိုဖြစ်ပွားနိုင်သဖြင့် သက်ဆိုင်ရာဆေးရုံများတွင်သာ ဆေးကုသမှုခံယူကြရန်လိုအပ်ကြောင်း ၄င်းက ပြောသည်။

သြဂုတ်၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ဝင်များမှလဲH1N1 ရောဂါဖြင့်သေဆုံးသူ ဦးသန်း နေထိုင်ရာ ဆားလင်းကြီးမြို့နယ်မြေဇွန်းကျေးရွာသို့သွားရောက်၍ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၁၂ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့မှ ရွှေဘိုမြို့အောင်ချမ်းသာရပ်ကွက်သို့ သွားရောက်၍ ကျန်းမာရေးပတ်သက်သည့် ကာကွယ်စောင့်ရှောက်မှုများ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဟု ဒေါက်တာအေးငြိမ်းက ဆက်လက်ပြောကြားသည်။

သတင်း၊ဓာတ်ပုံ-မောင်လေးငယ်ငယ်
https://www.facebook.com/mgmglay.ngenge
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းH1N1ရောဂါ ကူးစက်ခံရသူ နှစ်ဦးတွေ့ တစ်ဦးသေဆုံး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းH1N1ရောဂါ ကူးစက်ခံရသူ နှစ်ဦးတွေ့ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.