စမ်းချောင်းမြို့နယ်ရှိ G&G စတိုးဆိုင် ဓားပြ တိုက်ခံရ

စမ်းချောင်းမြို့နယ်ရှိ g&g စတိုးဆိုင်အတွင်း ၀င်ရောက်လုယက်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း စုံစမ်းဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၁

သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသော g&g စတိုးဆိုင်တွင် ဓားပြ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ G&G စတိုးဆိုင် အရောင်းဝန်ထမ်းဖြစ်သူ မောင်----သည် အခြား အရောင်းဝန်ထမ်းအမျိုးသားနှင့်အတူ ဈေးရောင်းနေစဉ် Mask အနက်ရောင်များ တပ်ဆင်ထားသော လူငယ် ၄ ဦးမှာ ဆိုင်အတွင်းသို့ ၀င်ရောက်လာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။

မျက်နှာဖုံးစွပ် လူငယ် ၃ ဦးမှ အရောင်းဝန်ထမ်းနှစ်ဦးအား ဓားဖြင့်ထောက်ကာ ကျန်လူငယ်မှ ဆိုင်ကောင်တာ အံဆွဲအတွင်းရှိ ဈေးရောင်းချရငွေကျပ် ၄၀၀၀၀၀ခန့်နှင့် အရောင်းဝန်ထမ်းနှစ်ဦးထံမှ ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း၊ Oppo Neo-7 လက်ကိုင်ဖုန်း၊ Mi 4-X လက်ကိုင်ဖုန်းနှင့်
ဖုန်းငွေဖြည့်ကတ်မျိုးစုံ စုစုပေါင်းတန်းဖိုးငွေကျပ် ၁၀၅၄၀၀၀တို့အား လုယက်ကာ ဆိုင်ရှေ့တွင်အသင့်ရပ်ထားသော BB-3434 Probox အမျိုးအစားခဲရောင်အငှားယာဉ်ပေါ်သို့ တက်ကာထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓားပြမှုအား တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၃၄၅/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ မေးမြန်းစုံစမ်းချက်အရ လူငယ်(၄)ဦးမှာ G&G စတိုးဆိုင်ထဲမှ ထွက်ပြေးလာပြီး ဆိုင်ရှေ့ မျက်စောင်းထိုးတွင် ရပ်ထားသော BB-3434 ယာဉ်ပေါ်သို့တက်ကာ မောင်းနှင် ထွက်ပြေးသွားကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ မရမ်းကုန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ စည်သူလွင်၊ (၁၈)နှစ်အား မော်တော်ယာဉ်နှင့်အတူ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ စည်သူလွင်အား ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ မရမ်းကုန်း မြို့နယ်နေ အာယုကျော်၊ (၂၃)နှစ်၊ ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်၊ (၁၉)နှစ်နှင့် ကျော်ထူး(ခ)လှမျိုးနိုင်၊ (၁၈)နှစ်တို့ပါဝင်ကြောင်း ပေါ်ပေါက်သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နံနက် ၁၁နာရီခွဲအချိန်တွင် ၎င်းတို့ နေထိုင်ရာ နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး အမှုမှပါဆုံး သက်သေခံပစ္စည်း Oppo Neo-7 လက်ကိုင်ဖုန်း (၁)လုံး၊ ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ ငွေကျပ် (၁၆၀၄၀၀)တို့အား ပြန်လည် သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် စည်သူလွင်၊ အာယုကျော်၊ ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်နှင့် ကျော်ထူး(ခ)လှမျိုးနိုင်တို့ (၄)ဦးအား အခင်းဖြစ်ပြီးနောက် နာရီပိုင်းအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့်
အခြားလုယက်မှုများ ကျူးလွန်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

စမ်းချောင်းမြို့နယ်ရှိ G&G စတိုးဆိုင် ဓားပြ တိုက်ခံရ စမ်းချောင်းမြို့နယ်ရှိ G&G စတိုးဆိုင် ဓားပြ တိုက်ခံရ Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.