ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်တွင် လမ်းအသုံးပြုခပေးဆောင်ရန် စောင့်ဆိုင်းနေသော ယာဉ်မှာ အတိုက် ခံရပြီး (၃)ဦးဒဏ်ရာရ


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်တွင် သြဂုတ် ၁၈ ရက်၊ ည ၁၁ နာရီခန့်က လမ်းအသုံးပြုခပေးဆောင်ရန် စောင့်ဆိုင်းနေသော ယာဉ်အား နောက်မှယာဉ်က ဝင်တိုက်ခဲ့ရာ လူ(၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
"ရှေ့က (၆)ဘီးယာဉ်က လမ်းဖြတ်ခပေးဖို့စောင့်နေတဲ့အချိန် အနောက်က (၁၂)ဘီးယာဉ်က အရှိန်မထိန်းနိုင် ဘဲဝင်တိုက်လိုက်တာ တိုက်တဲ့အရှိန်ကြောင့် (၆)ဘီးယာဉ်ကနေ သူရှေ့က(၁၂)ဘီးကို ထပ်တိုက်တာ (၆)ဘီး ယာဉ်က(၃)ယောက်က ကားထဲညပ်နေပြီး ဒဏ်ရာတွေရသွားတယ်။''ဟု ဘီးလင်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

 သထုံဘက်မှ ကျိုက်ထိုဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ အောင်သူရ(၄၀)နှစ်မောင်းနှင်လာသော ယာဉ်အမှတ် ISUZU (၆)ဘီးယာဉ်သည် ရွှေသံလွင်တိုးဂိတ်အရောက်တွင် လမ်းအသုံးပြုခပေးဆောင်ရန် စောင့်ဆိုင်းနေစဉ် အနောက်ဘက်မှ ယာဉ်မောင်း(အမည်၊ အဘ၊ အသက်၊ လိပ်စာ)စိစစ်ဆဲ မောင်းနှင်လာသော(၁၂)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုကြောင့် (၆)ဘီးယာဉ်မှာ ၎င်းရှေ့တွင်ရပ်ထားသော (၁၂)ဘီးအား ထပ်မံ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် (၆)ဘီးယာဉ်မောင်း အောင်သူရနှင့် ၎င်းယာဉ်ပေါ်လိုက်ပါလာသော ကျော်မြတ်ထွန်း(၁၈) နှစ်နှင့် အေးမင်းနိုင် (၂၄)နှစ်မှာ ဒဏ်ရာများရရှိခဲ့ပြီး နောက်မှဝင်တိုက်သော(၁၂)ဘီးယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

 ဖြစ်စဉ်ကြောင့် (၁၂)ဘီးယာဉ်မောင်းအား ဘီးလင်းမြို့မ ရဲစခန်းက ယာဉ် (ပ) ၄၄/ ၂၀၁၇ ရာဇသတ်ကြီးပုဒ် ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်တွင် လမ်းအသုံးပြုခပေးဆောင်ရန် စောင့်ဆိုင်းနေသော ယာဉ်မှာ အတိုက် ခံရပြီး (၃)ဦးဒဏ်ရာရ ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်တွင် လမ်းအသုံးပြုခပေးဆောင်ရန် စောင့်ဆိုင်းနေသော ယာဉ်မှာ အတိုက် ခံရပြီး (၃)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.