မြန်မာအိမ်ဖော်တွေ ဆင်းရဲဒုက္ခ အခံစားရဆုံး

( စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့် ရနိုင်ကြောင်း ကြေငြာထားစဉ် ) Photo: Nicolas Axelrod
စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အဖြစ် သွားရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသူတွေထဲမှာ မြန်မာ အမျိုးသမီးငယ်တွေဟာ ဆင်းရဲဒုက္ခ အခံစားရဆုံးဖြစ်တယ်လို့ အယ်လ်ဂျာဇီးရာ သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူမှာ နိုင်ငံခြား အိမ်ဖေါ်အရေအတွက် နှစ်သိန်းလေးသောင်းဝန်းကျင်ရှိရာမှာ၊ မြန်မာအိမ်ဖေါ် တွေဟာ အိမ်ရှင်တွေရဲ့ နှိပ်စက်မှုအခံရဆုံး၊ စောင့်ရှောက်ရေးဂေဟာတွေကို အရောက်ဆုံးဖြစ်နေ တယ်လို့ ဆိုပါတယ်။

ဒီပြဿနာတွေကြောင့် ၂၀၁၄ ခုနှစ်က စလို့ မြန်မာအစိုးရက စင်္ကာပူကို တရားဝင်အိမ်ဖေါ်စေလွှတ်တဲ့ ကိစ္စ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ စင်္ကာပူကို သွားရောက်ပြီး တရားမ၀င် အိမ်ဖေါ်အလုပ်လုပ်နေကြ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ သတ်မှတ်အရွယ်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

စင်္ကာပူဥပဒေအရ အိမ်ဖေါ်တဦးဟာ အနည်းဆုံး အသက် ၂၃ နှစ်ပြည့်ရမယ်ဆိုပေမယ့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတွေ အိမ်ဖေါ်အဖြစ်လုပ်ကိုင်နေကြပါတယ်။ မြန်မာနိုင်ငံက ပွဲစားတွေ ကလည်း မွေးသက္ကရာဇ် အတုနဲ့ ပတ်စ်ပို့လုပ်ပေးကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးတဦးက အခုလိုပြောပါတယ်။

"သမီးအေးဂျင့်ကပြောတယ်ပေါ့နော်၊ သမီးလာလို့ရတယ်၊ အသက်လိမ်ပြီးလာလို့ရတယ်၊ သူတို့အာမခံပေးလို့ သမီးတို့ကလာတာ"

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ အနှိပ်စက်ခံရတဲ့ သတင်းတွေကလည်း ၂၀၁၄ မတိုင်ခင်ကတည်းက ကြားသိ နေခဲ့ရတာပါ။ တနေ့လုံးအလုပ်လုပ်ခိုင်းတာ၊ မ၀ရေစာသာ ကျွေးတာ၊ဆဲဆိုရိုက်နှက် ညဉ်းပမ်းတာ၊ တချို့လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေအထိရှိတယ်လို့ အိမ်ဖေါ်စောင့်ရှောက်ရေး ဂေဟာ ၀န်ထမ်းတဦးက ပြောပါတယ်။ အိမ်ဖေါ်မိန်းကလေးတဦးကလည်း

"သမီးကိုအမြဲရိုက်တယ်၊ လက်နဲ့တင်မကဘူး၊ ခုံတွေ့ရင် ခုံနဲ့ရိုက်တယ်၊ ထီးတွေ့ရင်ထီးနဲ့ ပစ်တယ်"

အဲဒါကြောင့် မကြာခင်လပိုင်းက စင်္ကာပူမှာ အိမ်ဖေါ်နှစ်ဦး ရှေ့ဆင့်နောက်ဆင့် အထပ်မြင့် အိမ်ခန်းကနေ ခုန်ချသတ်သေသွားခဲ့ကြတဲ့သတင်းတွေ မြန်မာလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

စင်္ကာပူက အိမ်ဖေါ်စောင့်ရှောက်ရေးဂေဟာ ၀န်ထမ်းတဦးကလည်း အရင်က ဂေဟာ ကို အကူအညီ လာတောင်းသူတွေထဲမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားအိမ်ဖေါ်တွေ များခဲ့ပေမဲ့ အခုတော့ မြန်မာအိမ်ဖေါ် တွေ အများဆုံးဖြစ်နေပြီး၊ တပတ်ကို အနည်းဆုံးတယောက် ရောက်လာကြတယ်လို့ ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာအိမ်ဖော်တွေ ဆင်းရဲဒုက္ခ အခံစားရဆုံး မြန်မာအိမ်ဖော်တွေ ဆင်းရဲဒုက္ခ အခံစားရဆုံး Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.