အနည်းဆုံးအခကြေးငွေနှုန်းအသစ် သတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူနေ

ရန်ကုန်တိုင်း၊ စက်မှုဇုန်တွေက အလုပ်သမားသမဂ္ဂများစုပေါင်း ပြီး ဇွန်လ ၉ ရက်နေ့က အခြေခံလစာတိုးမြှင့်ပေးရေး ချီတက်ဆန္ဒပြနေကြစဉ်။ Photo: RFA/ Tun Myint
လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ အနည်းဆုံးအခကြေးငွေနှုန်းထား အသစ်တစ်ရပ်ကို အဆိုပြုထုတ်ပြန် သွားနိုင်ဖို့အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ က တိုင်းဒေသကြီး အသီးသီးမှာ စစ်တမ်းကောက်ယူနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီတွေက အလုပ်သမားတွေရဲ့ တစ်နေ့ကို အနည်းဆုံး ဘယ်လောက်ကုန်ကျသလဲ၊ ကုန်ဈေးနှုန်းဘယ်လောက် တက်လာလဲ၊ အိမ်ခန်းငှားခအခြေအနေတွေ စတာတွေကို စစ်တမ်းကောက်ခိုင်းထားတယ်လို့ ကော်မတီအဖွဲ့ဝင် ဦးဝင်းဇော် က ပြောပါတယ်။

" ဥပမာပေါ့ ရန်ကုန်တိုင်းက စစ်တမ်းကောက်လိုက်တယ်၊ လူတစ်ဦးကို ကုန်ကျစရိတ်က ၅ ထောင်ရှိမယ်၊ အိမ်ထောင်စုအလိုက်မှာဆိုရင် မိသားစု တစ်စုကို တစ်လမှာ ၁ သိန်းခွဲကုန်တယ်၊ တက်လာတဲ့ဆန်ဈေးနှုန်းက ဘယ်လောက်တက်တယ်၊ အိမ်ခန်းငှားခက ဘယ်လောက်ရှိတယ်၊ ပြီးလို့ရှိရင် ရန်ကုန်တိုင်းရဲ့ စက်မှုကုန်ထုတ်ကို ဘယ်လောက်ထုတ်နိုင်တယ်၊ နိုင်ငံတကာ ပြင်ပရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လောက်ဝင်လာတယ်၊ အဲဒါတွေကို သူတို့ဆီက စာရင်းဇယားတွေနဲ့ တင်မယ်၊ အလုပ်ရှင်ကလည်း သူတို့ကုန်ကျတဲ့ စာရင်းဇယားတွေ ကျနော်တို့ကို တင်ပြမယ်၊ အဲဒါပို့ပေးပြီးသွားရင် ကျနော်တို့က ၁၂ လပိုင်းမှာ အမျိုးသားကော်မတီအစည်းအဝေး ရှိမယ်၊ အမျိုးသားကော်မတီက ဒါတွေကိုခြုံငုံသုံးသပ်ပြီးတော့ ဇန်န၀ါရီ (သို့မဟုတ်) ဖေဖော်ဝါရီမှာ အဆင့် ၄ ဖြစ်တဲ့ အဆိုပြုနှုန်းထားတစ်ရပ်ကို ကြေညာနိုင်ဖို့ ကြိုးစားရမယ်"

အဲဒီစစ်တမ်းတွေကို လာမယ့် စက်တင်ဘာလကုန်နောက်ဆုံးထားပြီး အမျိုးသားကော်မတီထံ တင်ပြကြရမှာ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်နဲ့ စက်ရုံ၊ အလုပ်ရုံ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း အလုပ် သမားတွေစုပေါင်းပြီး လက်ရှိပြဌာန်းထားတဲ့ တစ်နေ့လုပ်ခ ၃၆၀၀ ကို ၅၆၀၀ အဖြစ်ပြင်ဆင်ပေးဖို့ အပါအဝင်တခြားအလုပ်သမားအခွင့်အရေးတွေ ကို ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှာ ချီတက်တောင်းဆိုခဲ့ကြပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေ ညာသတ်မှတ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အလုပ်သမားတွေကို စတင်ခံစားခွင့်ပြုခဲ့ တာလည်း ဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ ကို ဖျက်သိမ်းပြီး အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အပါအ၀င် အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ၂၇ ဦးပါ  ကော်မတီသစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၆ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မတီဟာ အရင်အစိုးရဟောင်းလက်ထက် က သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ နဲ့ အလုပ်သမားတွေ လုံလောက်မှု ရှိမရှိ စစ်တမ်းကောက်ယူတာဖြစ်ပြီး အလုပ်အကိုင်အမျိုးအစား အလိုက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အနည်းဆုံး အခကြေးငွေတွေ ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်နေ တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
အနည်းဆုံးအခကြေးငွေနှုန်းအသစ် သတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူနေ အနည်းဆုံးအခကြေးငွေနှုန်းအသစ် သတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူနေ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.