အကျဉ်းထောင်အသစ် ၃ခု တည်ဆောက်

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့တဲ့ အကျဉ်းထောင် ၃ ခုကို ဒိုက်ဦး၊ ကျိုက်မရော နဲ့ မိုးညှင်းတို့မှာ တည်ဆောက်နေတယ်လို့  အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။

ဒီနှစ်ကုန်မှာ ဒိုက်ဦးထောင်နဲ့ ကျိုက်မရောထောင်ကို စတင်အသုံးပြုသွားမှာဖြစ်ပြီး မိုးညှင်းထောင်ကို ဒီနေ့ သန့်ရှင်းရေးစတင်လုပ်ဆောင်နေတယ်လို့ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။

"အင်းစိန်ထောင် လူကျပ်နေတယ်ဆိုရင် ဒိုက်ဦးကိုပို့မှာ လောလောဆယ်ကျတော်တို့ ဒိုက်ဦးထောင်တော့ ဖွင့်ပါပြီ ဖွင့်ခွင့်တော့ ရထားပြီးသွား ပြီ မြစ်ကြီးနားက အဖွဲ့တွေ လူကျပ်လို့ မိုးညှင်းကိုပြောင်းထားတယ် အခုလောလောဆယ်တော့ သန့်ရှင်းရေးလုပ်တာ လူ ၁၀၀ ဘဲ ရှိပါသေးတယ် လူ ၁၀၀ ကဒီနေ့ စပို့တာပေါ့ ဒီနှစ်ကုန်လောက်ဆိုရင်တော့ အကုန်ထားနိုင်မှာပါ ဒိုက်ဦးနဲ့ ကျိုက်မရောထောင်ဘဲ"

အရင်ရှိနေတဲ့အကျဉ်းထောင်တွေဟာ အကျဉ်းသား ၅၀၀ ကိုသာ ထားရှိဖို့ ဆောက်လုပ်ထားတာ ဖြစ်ပေမယ့် လူ ၁၀၀၀ လောက် ထားနေရတဲ့အတွက် အခုလိုတိုးချဲ့ဆောက်လုပ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆောက်လုပ်ပြီးသွားတဲ့ အကျဉ်းထောင် ၃ ခုအပါအဝင် လက်ရှိမြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၀ ကျော် ရှိနေပြီး အကျဉ်းသား ဦးရေ ၈ သောင်းကျော် ရှိနေပါ တယ်။ လိုအပ်တဲ့ အကျဉ်းဦးစီးဝန်ထမ်း ခန့်အပ်ဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာလည်း အကျဉ်းထောင် တစ်ခု တည်ဆောက်နေပြီး နောက်ထပ် ၃ နှစ်နေမှသာ ပြီးစီးနိုင်မယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
အကျဉ်းထောင်အသစ် ၃ခု တည်ဆောက် အကျဉ်းထောင်အသစ် ၃ခု တည်ဆောက် Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.