မြောင်းမြမြို့မှ ဆရာမတစ်ဦးနေအိမ်၌ ဓားထောက်လုယက်မှုတွင် တပည့်ဖြစ်သူ ကျောင်းသူ တစ်ဦးပါဝင်နေ


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်၊ ရိုးကူးလမ်းရှိ ကျောင်းဆရာမတစ်ဦး၏ နေအိမ်သို့ ဝင်ရောက်၍ ဓားထောက်လုယက်သူများကို ဖော်ထုတ်နိုင်ခဲ့ရာ ၎င်းစာသင်ပေးခဲ့ဖူးသည့် ကျောင်းသူတစ်ဦးပါဝင် နေကြောင်း မြောင်းမြမြို့မ ရဲစခန်းမှ သိရှိရသည်။

 ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်၊ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လုယက်မှုတွင် လုယက်သူများကို သြဂုတ် ၁၄ ရက်တွင် ဖော်ထုတ်နိုင်ခဲ့ပြီး တပည့်ဖြစ်ခဲ့ဖူးသူ ကျောင်းသူလင်မယားနှင့် ၎င်းတို့၏ သူငယ်ချင်းတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်သည့် အပြင် အသက်(၁၈)နှစ်အရွယ်များဖြစ်ကြောင်း မြောင်းမြမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းထံမှ သိရသည်။
“စာသင်ပေးခဲ့ဖူးတဲ့ ကောင်မလေးက အိမ်အပြင်ဖက် မလှမ်းမကမ်းမှာစောင့်နေပြီး သူ့ယောင်္ကျားနဲ့ သူငယ်ချင်း ဖြစ်သူက အိမ်ပေါ်တက်လုကြတာ။ အိမ်မှာ အဲဒီအချိန် လူမရှိတာကို သိနေလို့ နေ့ခင်းကြောင်တောင် အိမ်ရှေ့ တံခါးကပဲဝင်ပြီး လုယက်ခဲ့ပြီး ပိုက်ဆံတွေကို သုံးဖြုန်းပစ်နေတာပါ။”ဟု ဒုရဲမှူး အောင်ဇော်မင်းက ပြောသည်။

၎င်းတို့သည် လုယက်ပြီးနောက်ရရှိလာသော ငွေနှင့် ရွှေထည်ပစ္စည်းများကို ၎င်းတို့နေအိမ်လှေကားအောက် မြေကြီးအတွင်း မြုပ်နှံထားခဲ့ပြီး အပေါင်ဆိုင်တွင် ငွေကျပ်(၂)သိန်းဖြင့် ပေါင်နှံထားသည့် ၎င်းတို့ဆိုင်ကယ်အား သွားရောက်ရွေးယူပြီးနောက် ကျပ်တစ်သောင်းတန်များ ကိုင်ဆောင်သုံးစွဲနေရာမှ ခြေရာခံမိခဲ့ခြင်းဖြစ်သည်။

 ၎င်းတို့သည် ငွေကျပ်(၇၅)သိန်း၊ ရွှေထည်(၆)မျိုးနှင့် ဖုန်း(၂)လုံးတို့ကို လုယက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပြန် လည်ဖမ်းဆီးရမိချိန်တွင် ငွေကျပ်(၅၃)သိန်း၊ ရွှေထည်(၆)မျိုးနှင့် ဖုန်း(၂)လုံးကိုသာ ပြန်လည်ရရှိခဲ့ကြောင်း မြောင်းမြမြို့မ ရဲစခန်းမှ သိရသည်။
“အိမ်တံခါးကိုဖွင့်ပြီး လူတစ်ယောက်ရောက်လာတယ်။ ကျွန်မကို ပါးစပ်ကိုပိတ်တယ်။ ဓါးနဲ့ထောက်တယ်။ အော် ရင် သတ်ပစ်မယ်ပြောတယ်။ ကျန်တဲ့တစ်ယောက်က အိမ်ခန်းထဲဝင်ပြီး သေတ္တာတွေကို ဓားနဲ့ ရိုက်ဖွင့်တယ်။ ပြီးတော့ ငွေတွေအကုန်ယူသွားတယ်။”ဟု လုယက်ခံရသော အိမ်ပိုင်ရှင်က ပြောသည်။

လက်ရှိတွင် လုယက်မှုကျူးလွန်ခဲ့သူ (၃)ဦးအား မြောင်းမြမြို့မ ရဲစခန်းက (ပ)၃၅၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄၊ ၁၁၄ တို့ဖြင့် အရေးယူနိုင်ရေး အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မြောင်းမြမြို့မှ ဆရာမတစ်ဦးနေအိမ်၌ ဓားထောက်လုယက်မှုတွင် တပည့်ဖြစ်သူ ကျောင်းသူ တစ်ဦးပါဝင်နေ မြောင်းမြမြို့မှ ဆရာမတစ်ဦးနေအိမ်၌ ဓားထောက်လုယက်မှုတွင် တပည့်ဖြစ်သူ ကျောင်းသူ တစ်ဦးပါဝင်နေ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.