မဲသံတောင်ရေတပ်ခွဲထုတ် စခန်းမှ တပ်သားအချို့က ကဏန်းဖမ်းလုပ်သားခြောက်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှ တစ်ဦးသေ


မော်လမြိုင်၊ သြဂုတ် ၁၇

ရေဖြူမြို့နယ်၊ မဲသံတောင်ကျွန်းသို့ ရေးမြို့နယ်မှ ကဏန်းသွားရောက်ဖမ်းဆီးသည့် အမျိုးသား ခြောက်ဦးကို မဲသံတောင်ရေတပ်ခွဲထုတ်စခန်းမှ ဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း ရေးမြို့နယ်၊ ကျောင်းရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ဖြစ်စဉ်မှာ ရေးမြို့နယ် ကျောင်းရွာနေ သိန်းထိုက်အောင် အပါအ၀င် ကဏန်းဖမ်းလုပ်သား ခုနှစ်ဦးသည် သြဂုတ် ၄ ရက်၌ ကဏန်းဖမ်းရန် ရွာမှ လှေဖြင့်ထွက်ခွာခဲ့ကြောင်း၊ သြဂုတ် ၁၁ ရက်၌ မဲသံတောင်ကျွန်းတွင် ယာယီစတည်းချနေထိုင်စဉ် မဲသံတောင် ရေတပ်စခန်းမှ တပ်သားအချို့ ည ၈ နာရီခန့်တွင် ကဏန်းဖမ်းလုပ်သား ရှစ်ဦးအနက် ခြောက်ဦးကို တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံရသူ ဦးအောင်နိုင်က ပြောသည်။

“သူတို့ ရေတပ်ကပဲ လာဖမ်းပြီးတော့ ကျွန်တော်တို့ ဆရာ သိန်းထိုက်အောင်ကို ဝါးရင်းတုတ်နဲ့ ရိုက်တယ်၊ ပြီးတော့ ကျွန်တော်တို့ကိုလည်း ဖမ်းချုပ်ထားတယ်”ဟု ဦးအောင်နိုင်က ပြောသည်။


ယင်းသို့ စစ်ဆေးမှုပြုလုပ်ရာမှ ကဏန်းဖမ်းလုပ်သားခေါင်းဆောင် သိန်းထိုက်အောင်မှာသေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းကို ယင်းနေရာအနီးတွင် မြုပ်နှံခဲ့ပြီး သြဂုတ် ၁၃ရက်၌ ကျန်ရှိသူ ငါးဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကို သန်းခေါင်ကျော်မှ ပြန်ခိုင်းတယ၊် သိန်းထိုက်အောင်က မူးပြီးတော့ ရေထဲပြုတ်ကျ သေတယ်ဆိုပြီး ပြောခိုင်းတယ်” ဟု ဦးအောင်နိုင်က ပြောဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ရေးမြို့နယ် ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ငါးဦးမှာ အတွင်းလူနာအဖြစ် ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ကြောင်း၊ ကျောင်းရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“အလောင်းကို ရေတပ်ကနေ သွားယူပြီး စစ်ဆေးနေတယ်။ ရိုက်နှက်တဲ့သူကိုလည်း အမှုဖွင့်ထားတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ဥပဒေအရ အရေးယူပေးရန် တိုင်ကြားသွားမည်ဖြစ်ကြောင်းကျောင်းရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် က ပြောကြားသည်။

ခင်နန်းဌေး၊ နေနေ(ရေး)
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မဲသံတောင်ရေတပ်ခွဲထုတ် စခန်းမှ တပ်သားအချို့က ကဏန်းဖမ်းလုပ်သားခြောက်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှ တစ်ဦးသေ မဲသံတောင်ရေတပ်ခွဲထုတ် စခန်းမှ တပ်သားအချို့က ကဏန်းဖမ်းလုပ်သားခြောက်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှ တစ်ဦးသေ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.