မြောင်းမြမြို့ မြဂုဏ်ရည်လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အနုကြမ်းစီးသည်ဟု ယူဆရသူများအား ဖမ်းဆီးရမိ


မြောင်းမြ သြဂုတ် ၁၄

မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မြဂုဏ်ရည်လမ်းရှိ နေအိမ်တစ်ခုတွင် သြဂုတ်လ ၄ရက်နေ့ နေ့လည် ၁၁နာရီ ၂၀မီးနစ်ခန့်က အမျိုးသမီးငယ်တစ်ဦးတည်း နေအိမ်၌ရှိနေစဉ် လူနှစ်ဦးမှ နေအိမ်တွင်းသို့ ဝင်ရောက်၍ ဓါးဖြင့်ထောက်ကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်သည်ဟု ယူဆရသူများကို သြဂုတ်လ ၁၄ရက်နေ့ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မနှင်းဝင့်အောင် အသက်(၂၀)နှစ်မှာ မိဘများအလုပ်သွားနေသောကြောင့် နေအိမ်တံခါးပိတ်ကာ နေအိမ်အနောက်ဖက်တွင် စာကြည့်နေခဲ့ကြောင်း၊ ယင်းကဲ့သို့ စာကြည့်နေစဉ် နေအိမ်အတွင်း လူရိပ်မြင်ရသောကြောင့် ထကြည့်စဉ် နှာခေါင်းစည်းအနက်များ တပ်ဆင်ထားသည့် အမျိုးသားနှစ်ဦးမှာ နေအိမ်နောက်ဖက်သို့ ဝင်ရောက်လာပြီး မနှင်းဝင့်အောင်အား တစ်ဦးမှ ပါးစပ်ပိတ်ကာ အသင့်ပါလာသောဓါးဖြင့် ကျောအား ထောက်ထားခဲ့ကြောင်း၊ ယင်းနောက် အနီးရှိ အစိမ်းရောင်သဘက်စောင်ဖြင့် မနှင်းဝင့်အောင်ပါးစပ်အားပိတ်ထားပြီး အခြားအမျိုးသားတစ်ဦးမှ ငွေတွေဘယ်မှာထားလဲဟု မေးခဲ့ကြောင်း၊ သူမမှ မသိကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်း၊ ယင်းနောက် ထိုအမျိုးသားကပင် သေတ္တာများထားသည့် အခန်းတွင်းသို့ ဝင်သွားခဲ့ပြီး အခန်းပြင်သို့ ပြန်ထွက်လာကာ သူမအား သော့ပေးရန် တောင်းခဲ့ကြောင်း၊ သူမက သော့မရှိကြောင်း ပြောကြားခဲ့သောကြောင့် အနီးရှိ ဓါးမအားယူကာ သူမကိုချုပ်ထားသော အမျိုးသားထံပေး၍ အော်ရင်ခုတ်သတ်ပစ်ဟုဆိုကာ သေတ္တာများအား ရိုက်ချိုးဖွင့်၍ သစ်သားသေတ္တာတစ်ခုအတွင်းမှ ငွေကျပ် ၇၀သိန်း၊ သံသေတ္တာတစ်ခုအတွင်းမှ ငွေကျပ် ၅သိန်းကျော်အား ရှာဖွေယူဆောင်ခဲ့ကြောင်း၊ ယင်းနောက် သူမအနားသို့ ပြန်လည်ရောက်ရှိလာကာ သူမအနီးရှိ ဖုန်းနှစ်လုံးကိုပါ ယူဆောင်သွားခဲ့ပြီး မအော်နှင့် အော်လျှင် သတ်ပစ်မည်ဟုဆိုကာ ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း၊ အဆိုပါ အနုကြမ်းစီးခဲ့သည့် အမျိုးသားနှစ်ဦးအား နေအိမ်အပြင်ဖက်တွင် အမျိုးသမီးတစ်ဦးမှ ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် မနှင်းဝင့်အောင်မှာ အနီးရှိ ပတ်ဝန်းကျင်ကို အကူညီတောင်းခံကာ မြောင်းမြမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ဖြစ်ကြောင်း၊ အခင်းဖြစ်စဉ် ဖြစ်ပွါးနောက် ဆယ်ရက်အကြာ သြဂုတ်လ ၁၄ရက်နေ့တွင် မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ကျူးလွန်သည်ဟု ယူဆရသူများကို သက်သေများနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ပတ်လမ်းမှာရှိတဲ့ ပန်းစွယ်တော်စားသောက်ဆိုင်က ဆိုင်ရှင်က သူတို့ဆီမှာ ညတိုင်း အမျိုးသားနဲ့ အမျိုးသမီးတစ်ဖွဲ့က တစ်သောင်းတန်တွေချည်းပဲ ကိုင်ပြီးတော့ သုံးနေတာကို တွေ့တယ်လို့ သတင်းပေးပို့တော့ ကျွန်တော်တို့ လိုက်လံထောက်လှမ်းခဲ့တာပါ၊ မသင်္ကာတဲ့ ဟာစင်း(ခ) မောင်မင်းထက်ရဲ့ နေအိမ်ကို ကျွန်တော်တို့က မူးယစ်ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေတော့ အခင်းဖြစ်စဉ်နေ့မှာ ပါသွားတဲ့ ဖုန်းကိုရတယ်၊ အဲ့ဖုန်းကိုစစ်တော့ သူတို့ယူဆောင်သွားတဲ့ ဖုန်းဖြစ်နေတယ်၊ သူတို့အိမ်က လှေကားအောက်မှာ မြေထဲမြုပ်ထားတဲ့ ပိုက်ဆံတွေကိုပါ သိမ်းဆည်းရမိတယ်၊ ဟာစင်းအပြင် သူ့ဇနီးဖြစ်တဲ့ မနှင်းရည်လွင်ဆိုတာလည်း အခင်းဖြစ်စဉ်မှာပါဝင်နေတယ် နောက်တစ်ယောက်ဖြစ်တဲ့ ဇင်ကြီး(ခ) ဘာဘူလေး(ခ) ဇင်သူ ကိုပါ ဖမ်းဆီးရမိတယ်၊ သူတို့လည်း ကျူးလွန်ကြောင်း ဝန်ခံပြီးပါပြီ”ဟု မြောင်းမြမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မြောင်းမြမြို့မရဲစခန်းမှ (ပ) ၃၅၆/၂၀၁၇ ပြစ်မှုပုဒ်မ ၃၉၄၊ ၁၁၄တို့ဖြင့် ကျူးလွန်သည်ဟု ယူဆရသူ ဟာစင်း(ခ) မောင်မင်းထက် အသက် (၁၈)နှစ် အဘ ဦးဇော်မင်းဦး အမှတ်(၁၀)ရပ်ကွက် ထောင်ရောင်နေလမ်းနှင့် သူ၏ ဇနီးဖြစ်သူ မနှင်းရည်လွင် အသက် (၁၈)နှစ် အဘ ဦးသန့်ဇင်၊ ဇင်ကြီး(ခ) ဘာဘူလေး(ခ) ဇင်သူ အသက် (၁၈)နှစ် အဘ ဦးဇော်မင်း မရမ်းကုန်းရပ်ကွက်တို့အား အမှုဖွင့်အရေးယူ ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

ထူးထူး(မြောင်းမြ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြောင်းမြမြို့ မြဂုဏ်ရည်လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အနုကြမ်းစီးသည်ဟု ယူဆရသူများအား ဖမ်းဆီးရမိ မြောင်းမြမြို့ မြဂုဏ်ရည်လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အနုကြမ်းစီးသည်ဟု ယူဆရသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.