လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းတွင် မြေ ပြို မှုဖြစ်ပွား


ကွတ်ခိုင်၊ သြဂုတ် ၆ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်း၊ တွင် ယနေ့ ( သြဂုတ် ၆ ရက်) မနက် ၉း၀၀ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်မြို့မရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးကယနေ့နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

“ မှန်ပါတယ်ခင်ဗျ။ မြေပြိုမှုဖြစ်တာပါ။ ကွတ်ခိုင်မြို့ကနေ မိုင် ၂၀ လောက် အကွာမှာဖြစ်တာပါ။ အခုတော့ ကားလေးတွေသွားလို့ရနေပါပြီ။ ကားကြီးတွေတော့သွားလို့ မရသေးပါဘူး၊ Oriental Highway ကုမ္ပဏီက စက်ယန္တရားတွေနဲ့ရှင်းလင်းမှုတွေလုပ်နေပါတယ်။ လူတွေ၊ ကားတွေ ထိခိုက် မှုမရှိပါ ဘူး “ ဟု ၄င်းကပြောသည်။


မြေပြိုမှုဖြစ်ပွားသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ တောင်နံရံမှမြေများ လမ်းပေါ်သို့ပြိုကျခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှုမရှိကြောင်း ၊ ယခုအခါကားလေးများသွားလာနိုင်ပြီဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ဦးခင်မောင်ထူးကယနေ့ နေ့လယ် ၁း၅၀ တွင် ပြောသည်။

“မိုင်တိုင် အမှတ် ၂၃၂/၂၃၃ ကြားရှုခင်းသာနားမှာမြေပြိုတာပါ။ ၉ နာရီလောက်မှာဖြစ်တာပါ။Oriental Highway ကုမ္ပဏီက စက်ယန္တရားတွေနဲ့ရှင်းလင်းပေးလို့ နေ့ခင်း ၁ နာရီလောက်မှာ လမ်းပွင့်သွားပါတယ်။ သို့ပေမယ့် ကားတွေ အလုအယက်မောင်းကြလို့ လမ်းကရှင်းရှင်းလင်းလင်း သွားလို့ မရသေးပါဘူး၊ ။လမ်းပေါ်မှာကားတွေ စလစ်ဖြစ်တာမျိုးတွေဖြစ်နေပါသေးတယ်။ ကားကြီးတွေကတော့ သွားလို့ မရသေးပါဘူး “ ဟုမြေပြိုသည့်နေရာတွင်ရောက်ရှိနေသည့်တွဲကား မောင်းသူတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီတွင်ပြောသည်။

ချမ်းမြမြငြိမ်း (AHN – N - SHAN)
PHOTO – AHN
The Asia Heart News
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းတွင် မြေ ပြို မှုဖြစ်ပွား လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းတွင် မြေ ပြို မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.