ငြိမ်းချမ်းရေးယူထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP လုံခြုံရေးကိစ္စဆွေးနွေးရန် ပြည်နယ်အစိုးရကို ကမ်းလှမ်း


နိရဉ္စရာ၊ သြဂုတ် ၅

အစိုးရနှင့် ပြည်နယ်အဆင့် NCA ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)မှ လက်ရှိ ဖြစ်ပေါ်နေသည့် မောင်တောဒေသနှင့် မယူကမ်းဒေသလုံခြုံရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ရခိုင်ပြည်နယ် အစိုးရအား ကမ်းလှမ်းထားသည်ဟု သတင်းရရှိသည်။

အဓိက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တွေ့ဆုံရန် ကမ်းလှမ်း ထားသည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အမ်းဘက်ကို ခရီးသွားနေတယ်လို့ သိရပါတယ်။ ဒီနေ့ သူပြန်ရောက်လာရင် မနက်ဖန်လောက်တော့ တွေ့ဖြစ်ပါလိမ့်မယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။

မောင်တောဒေသတွင် ဖြစ်ပွားနေသည့် ဒေသခံ ရခိုင်ပြည်သူများ မလုံခြုံမှုများ ဖြစ်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလို၍ ကမ်းလှမ်းထားခြင်း ဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေဖြင့် မည်သည့်အခန်းကဏ္ဍက ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ဒီလုံခြုံရေးကဏ္ဍကို ကျနော်တို့အနေအနဲ့ ဘယ်လိုပုံစံမျိုးကူညီရမလဲ။ ပူးပေါင်းပြီးတော့ ကူညီရမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ပူးပေါင်းပြီးတော့ ကူညီသွားမယ်။ အဓိကကတော့ ကျနော်တို့ ဒေသခံတွေ လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်”ဟု ခိုင်အောင်စိုးသန်းက ပြောသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမည်မှာ လုံခြုံရေးကို ပြည်နယ်အစိုးရအနေဖြင့် တာဝန်မယူနိုင်၍ မဟုတ်ဘဲ ALP ဘက်က ကူညီဆောင်ရွက်ပေးလို၍ ကမ်းလှမ်းရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ALP မှ တာဝန်ရှိသူများအနေဖြင့် လွန်ခဲ့သည့် တစ်ပတ်ကျော်ကလည်း ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်ဟု သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ငြိမ်းချမ်းရေးယူထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP လုံခြုံရေးကိစ္စဆွေးနွေးရန် ပြည်နယ်အစိုးရကို ကမ်းလှမ်း ငြိမ်းချမ်းရေးယူထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP လုံခြုံရေးကိစ္စဆွေးနွေးရန် ပြည်နယ်အစိုးရကို ကမ်းလှမ်း Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.