ခန္တီးမှာ ရပ်ကွက်တချို့ ရေကြီးရေလျှံမှုတွေဖြစ်နေ

ခန္တီးမှာ ရပ်ကွက်တချို့ ရေကြီးရေလျှံမှုတွေဖြစ်နေတာကို သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Aung San Myint
မိုးများပြီး ချင်းတွင်းမြစ်ရေ မြင့်တက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းက ပေါမိုင်း ၊ အောင်သာ၊ သာစည်နဲ့ မြို့မရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး ဒေသခံ ၅၀ ကျော်ဟာ မြေအမြင့်ပိုင်း မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ဒီနေ့မနက်ပိုင်းမှာ စတင်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

အောင်သာနဲ့ သာစည်ရပ်ကွက်တွေမှာ လူတရပ်ကျော် ရေနစ်မြုပ်နေတယ်လို့ ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

"ရေကြီးတာတော့ မနေ့ကစပြီး ဝင်လာတာ။ ခန္တီးကမိုးက တစ်ပတ်လောက်ရွာတာ။ အောင်သာနဲ့ သာစည် အနိမ့်ပိုင်းတွေကတော့ ကျနော်တို့လူတစ်ရပ်ကျော်တယ်ဗျ။ အဲဒီမြုပ်တာတွေက။ တချို့နေလို့ မရတဲ့ အိမ်တွေက ကျတော့ အနိမ့်ပိုင်းအိမ်လေးတွေကကျတော့ ကျနော်တို့ ဘုန်းကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ထားတယ်။ "

ချင်းတွင်းမြစ်ရေဟာ ဒီနေ့မနက်ပိုင်းမှာ စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲကျော် မြင့်တက်နေပြီဖြစ်ပြီး မိုးလည်းအဆက် မပြတ် ရွာသွန်းနေတာကြောင့် ပေါမိုင်းဘုန်းကြီးကျောင်း၊ မြို့မဘုန်းကြီးကျောင်းနဲ့ မြသိန်းတန် စေတီဝင်းအတွင်းက ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်သူ ၅၀ ကျော်ရှိနေပြီလို့ ပြောပါတယ်။

လက်ရှိမှာတော့ ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားတာမျိုး မရှိသေးပေမယ့် လှေငယ်တွေနဲ့ သွားလာနေကြတယ်လို့လည်း ပြောပါတယ်။

ဒီနှစ်မိုးရာသီကာလမှာ ခန္တီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်တာဟာ အခုအကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီဖြစ်ပြီး အရင်ရေ နစ်မြုပ်ချိန်တွေမှာ အစိုးရဘက်က အကူအညီတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ခန္တီးမှာ ရပ်ကွက်တချို့ ရေကြီးရေလျှံမှုတွေဖြစ်နေ ခန္တီးမှာ ရပ်ကွက်တချို့ ရေကြီးရေလျှံမှုတွေဖြစ်နေ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.