အထက်ပြူးမ ရခိုင်ရွာ မီးရှို့ခံလိုက်ရပြီ

(မြ၀တီရွာမှ ကလေးငယ်များ တောထဲတွင် ပိတ်မိနေသည်ကိုတွေ့ရစဉ်)
နိရဉ္စရာ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက် အထက်ပြူးမ ရခိုင် ကျေးရွာကို အစွန်းရောက် အကြမ်းဖက်သမားများမှ ယနေ့ နံနက်က မီးရှို့လိုက်ပြီ ဖြစ်ကြောင်း ကပ္ပကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ မီးလောင်တာကို ကျွန်တော်တို့ရွာက မြင်နေရပါတယ်။ ဒီကနေ့ နံနက် ၉ နာရီလောက်မှာ စတင်ရှို့တာပါ။ တစ်ရွာလုံးလောင်သွားပါပြီ။ အဲဒီရွာမှာ အိမ်ခြေ ၃၅ လုံးလောက်ရှိပါတယ်” ဟု ပြောကြားသည်။

အထက်ပြူးမမှ ကျေးရွာသား ရခိုင်တိုင်းရင်းသားများမှာ အောက်ပြူးမကျေးရွာတွင် ပေါင်းစု နေထိုင်နေကြပြီး အောက်ပြူးမတွင် လုံခြုံရေးတပ်ဖွဲ့ ရှိကြောင်း သိရသည်။

“ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားရသေးပါ။ တစ်ရွာနဲ့ တစ်ရွာကို ထွက်သွားဖို့ဆိုတာ မလွယ်ဘဲ ဖြစ်နေတဲ့အတွက် ဘာဖြစ်နေတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ မီးရှို့တာကတော့ အကြမ်းဖက်သမားတွေပါဘဲ” ဟု သူက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ဘက်တွင် အခြေအနေဆိုးရွားနေပြီး ငခူရ၊ ရေမျက်တောင်တို့ကိုလည်း မီးရှို့မည်ဟု သတင်းရနေကြောင်း၊ ကပ္ပကောင်းတွင် တပ်မတော်စစ်ကြောင်းများရှိနေသဖြင့် စိုးရိမ်စရာမရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
အထက်ပြူးမ ရခိုင်ရွာ မီးရှို့ခံလိုက်ရပြီ အထက်ပြူးမ ရခိုင်ရွာ မီးရှို့ခံလိုက်ရပြီ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.