မလေးရှားဝက်ဘ်ဆိုဒ်တွေ ဖောက်ထွင်းခံရ

 အင်ဒိုနီးရှားအလံကို ဇောက်ထိုး ပုံနှိပ်ခဲ့လို့ မလေးရှား အာဏာပိုင်တွေ တောင်းပန်ခဲ့ရပြီးဖြစ်
မလေးရှား နိုင်ငံ ကွာလမ်လာပူမြို့တော်မှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ရဲ့ တရားဝင် လမ်းညွှန် စာအုပ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အလံကို ပြောင်းပြန် ပုံနှိပ်မိခဲ့တဲ့ ဖြစ်စဉ် အပြီးမှာ မလေးရှား အွန်လိုင်ဝက်ဘ်ဆိုဒ် အတော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အင်ဒိုနီးရှား ဟက်ကာ ဖောက်ထွင်းသူတွေက ကြေညာလိုက်ပါတယ်။

အနည်းဆုံး ဝက်ဘ်ဆိုဒ် ၂၇ ခု ဖောက်ထွင်း နှောင့်ယှက်ခံခဲ့ရပြီး အဲဒီမှာ အင်ဒိုနီးရှား အလံ အရောင်တွေ ဖြစ်တဲ့ အနီနဲ့ အဖြူကို သုံးကာ "ငါ့ရဲ့ နိုင်ငံတော်အလံက ကလေးကစားစရာ မဟုတ်" လို့ ရေးသားထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုဒ်တွေကို တနင်္လာနေ့မှာ ဘီဘီစီက ဝင်ရောက်ကြည့်ရှုခဲ့ရာ အတော်များများဟာ ပိတ်သိမ်းထားပြီး ဖြစ်နေပါတယ်။

အင်ဒို ဟက်ကာတွေ လက်ချက်မိခဲ့တဲ့ မလေးဆိုဒ်တခု
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ထဲ အင်ဒိုနီးရှားနိုင်ငံတဝှမ်းမှာ အလံမှားယွင်းတဲ့ ကိစ္စအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ကြသလို သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း မလေးရှား အစိုးရကို တရားဝင် တောင်းပန်ဖို့ တောင်းဆိုခဲ့ရပါတယ်။

မလေးရှား ပြိုင်ပွဲကျင်းပရေး တာဝန်ခံတွေနဲ့ အစိုးရအရာရှိတွေက ဒီကိစ္စအတွက် အကြီးအကျယ် တောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း မလေးရှား ဆီးဂိမ်း ရေကူးပြိုင်ပွဲ ရဲ့ အမှတ်ပေးဘုတ်မှာ ဘရူးနိုင် အလံကို လွဲမှားဖော်ပြခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese
မလေးရှားဝက်ဘ်ဆိုဒ်တွေ ဖောက်ထွင်းခံရ မလေးရှားဝက်ဘ်ဆိုဒ်တွေ ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.