လားရှိုးမြို့ တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မီးလောင်မှုဖြစ်ပွား


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၁)၊ တောရကျောင်းလမ်းရှိ တောရဘုန်းတော်ကြီးကျောင်းမှ အိပ်ဆောင်တစ်ခုတွင် သြဂုတ်လ(၁၃)ရက် နံနက်(၁၀)နာရီ(၃၀)ဝန်းကျင်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုတစ်ခုဖြစ်ပွားသွားကြောင်း သိရသည်။


တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်း အသက်(၆၃)နှစ်အရွယ် ဂေါပကနေထိုင်နေသည့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၈၁ x ၂၉ )ပေ အိပ်ဆောင်၏ မျက်နှာကျက်နှင့် အမိုးမှ မီးစတင်လောင်ကျွမ်းရာ မီးအားမြှင့်စက်နှင့် အိပ်ယာလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၇၅)ဦးနှင့်သန္ဓေ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန် မီးငြှိမ်းသတ်ယာဉ်(၄)စီးအပါအဝင် စည်ပင် ရေသယ်ယာဉ်(၁)စီး၊ ရေစည်တင်ထော်လာဂျီ(၃)စီး စုစုပေါင်းယာဉ်(၁၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ (၁၅)မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဂေါပကဖြစ်သူအား လားရှိုးမြို့ အမှတ်(၂) နယ်မြေရဲစခန်းတွင် (ပ)၉၃/၂၀၁၇၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ပေးသောလက်စေတနာရှင်လူမှုကူညီရေးအသင်း
Tachileik News Agency
http://www.tachileik.net/2017/08/LSof.html
လားရှိုးမြို့ တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မီးလောင်မှုဖြစ်ပွား လားရှိုးမြို့ တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.