![]() |
(ရှေ့နေဦးကိုနီ လုပ်ကြံခဲ့သူတွေကို ဇူလိုင်လ ၁၄ ရက်နေ့က အင်းစိန်မြို့နယ် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် )Photo: Kaung Htet Kyaw |
ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ကြည်လင်းကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ အမှတ် (၅) လုံခြုံရေး ရဲတပ်ဖွဲ့က ရဲတပ်သား နိုင်ဇော်နဲ့ ရဲတပ်သား သက်အာကာစိုးတို့ဟာ အခင်းဖြစ်ချိန်မှာ သူတို့ ကြုံတွေ့ခဲ့တာတွေကို ဒီကနေ့ ထွက်ဆိုခဲ့ကြတယ်လို့ ဦးကိုနီနဲ့အတူ သေဆုံးခဲ့တဲ့ ဦးနေ၀င်းရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒီအမှုအတွက် စစ်ဆေးခံမယ့် သက်သေ အယောက် ၈၀ ရှိပြီး သက်သေတွေကို ရုံးထုတ်စစ်ဆေးချိန် ကြာမြင့်နိုင်တဲ့အတွက် တရားရုံးအနေနဲ့ အမှုစစ်ချိန်တိုးပြီး စစ်ဆေးပေးဖို့အတွက် စွပ်စွဲခံထားရသူတွေရဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဦးညွန့်ရွှေက ဒီကနေ့ တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့တုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်ပြီး လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းကို လိုက်လံဖမ်းဆီးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းလည်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခဲ့တဲ့ ကြည်လင်းအပြင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
ဒါပေမယ့် အမှုနဲ့ အဓိက ပတ်သက်သူလို့ ရဲတပ်ဖွဲ့က ကြေညာထားတဲ့ အောင်ဝင်းခိုင်ကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး နောက်ထပ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်ပြီးချိန်းဆိုထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဦးကိုနီ လုပ်ကြံခံရမှုအတွက် မျက်မြင်သက်သေနှစ်ဦးကို စစ်ဆေး
Reviewed by THITHTOOLWIN
on
16:49
Rating:
